ကျောင်းသူကျောင်းသား ၁၃ ဦးရဲ့အယူခံ သာယာဝတီတရားရုံး ပယ်ချ

ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်း သူ ၇၀ ကို သာယာဝတီခရိုင် တရားရုံးမှာ ရုံးထုတ်ခဲ့ရာမှာ အဝေးသင်တက်နေတဲ့ ကျောင်းသူ ကျောင်း သား ၁၃ ဦးရဲ့ အာမခံလျှောက်ထားချက်ကို တရားရုံးက ပယ်ချလိုက်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို သာယာဝတီခရိုင် တရားရုံးမှာ မေလ ၁၂ ရက်နေ့က ရုံးထုတ်စဉ် Photo: Kyaw Zaw Win/RFA

ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူ ၇၀ ကို သာယာဝတီခရိုင် တရားရုံးမှာ ရုံးထုတ်ခဲ့ရာမှာ အဝေးသင်တက်နေတဲ့ ကျောင်းသူ ကျောင်းသား ၁၃ ဦးရဲ့ အာမခံလျှောက်ထားချက်ကို တရားရုံးက ပယ်ချလိုက်ပါတယ်။

အာမခံလျှောက်ထားတာ စုစုပေါင်း ၂၀ ဖြစ်ပြီး အဲဒီမှာ အဝေးသင်တက္ကသိုလ် တက်ရောက်နေသူတွေက ၁၃ ယောက်ဖြစ်တယ်လို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

"အဝေးသင်ကျောင်းသားက ၁၃ ယောက် နောက်ဝိုင်းရံပြည်သူတွေလည်းပါတယ်၊ စုစုပေါင်း ခန့်မှန်းခြေ ၂ဝ လောက်လို့ယူဆတယ်၊ သူတို့ိကို အကြောင်းကြားတာက ပုဒ်မ ၅ဝ၅(ခ)သည် အာမခံမပေးရသော ပုဒ်မဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချလိုက်တာပါ"

ဒီနေ့ ရုံးချိန်းမှာ ကျောင်းသားတွေကို အားပေးကူညီသူ ကိုတင်ဝင်းဟာ သတိလစ်သွားခဲ့တဲ့အတွက် စိုးရိမ်ရတဲ့ အခြေအနေဖြစ်တာကြောင့် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ရတယ်လို့ ကိုတင်ဝင်းရဲ့ ညီဖြစ်သူ ကိုနေဇော်လင်းက ပြောပါတယ်။

"သူတို့ကို ဖမ်းဆီးတဲ့အခါမှာ ရင်ဘတ်တွေကို စစ်ဖိနပ်တွေနဲ့ ကန်တာတွေ၊ နံပါတ်တုတ်တွေနဲ့ ကျောကုန်းတွေကို ရိုက်တာတွေ အဲ့ဒဏ်ရာတွေက အခုလည်းကျတော့ ဖျားတယ်၊ ဆေးရုံရောက်တယ်၊ ဆေးရုံရောက်လို့မေး ရင် ကောင်းတယ်၊ ဘာမှမဖြစ်ဘူးပြောတယ်၊ ဒါပေမဲ့ တကယ်ခံစားရတဲ့သူက အခုလည်းကျရော ရုံးထုတ်နေရင်းနဲ့ သတိလစ်သွားတာ"

ကိုတင်ဝင်းဟာ မြောက်ဥက္ကလာမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး ကျောင်းသားသပိတ်စစ်ကြောင်းမှာ လိုက်ပါအားပေးခဲ့သူဖြစ်တယ်လို့ သူ့ရဲ့မိသားစုဝင်တွေက ဆိုပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ အားပေးကူညီသူ စုစုပေါင်း ၇၀ ကို တရားစွဲဆိုထားတဲ့ တရားလိုဖြစ်သူ လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဖုန်းမြင့်ကို တရားစွဲခံထားရသူတွေဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက ဒီနေ့ စစ်ဆေးမေးမြန်းခဲ့ပါတယ်။

ဒါ့အပြင် အသက်မပြည့်သေးတာကြောင့် အာမခံနဲ့ လွှတ်ပေးထားတဲ့ ကျောင်းသား ၂ဦးကို သာယာဝတီခရိုင် ကလေးသူငယ်တရားရုံးမှာ ဒီနေ့ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးဖြိုးမင်းသိန်း၊ ဦးဖြိုးဇေယျာသော်နဲ့ ဦးသိန်းဆွေတို့က ဒီနေ့ တရားရုံးချိန်းကို တက်ရောက်ပြီး ဖမ်းဆီးခံထားရသူတွေရဲ့ အခြေအနေကို မေးမြန်းခဲ့ပါတယ်။

ရှေ့နေ ဦးရောဘတ်စန်းအောင်ကို RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဒီအတောအတွင်း လက်ပံတန်းမှာ အကြမ်းဖက်ဖြိုခွဲဖမ်းဆီးခံခဲ့ရတဲ့ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းက ကျောင်းသူကျောင်းသားတွေနဲ့ ဝန်းရံသူတွေကို သာယာဝတီ တရားရုံးမှာ ဒီကနေ့ စတုတ္တအကြိမ် ရုံးထုတ်စစ်ဆေးရာမှာ သူတို့ရဲ့ကျန်းမာရေးအခြေအနေတွေ ပိုဆိုးဝါးနေတာတွေ့ရတယ်လို့ မိဘတွေက ပြောပါတယ်။ ဒီအကြောင်း RFA ဝိုင်းတော်သူ မခက်မာ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org