သဲကုန်းတောင်သူတွေအမှု စတင်ရုံးထုတ်စစ်ဆေး
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့မှာ သိမ်းဆည်းခံ လယ်ယာမြေပြဿ နာ ဖြေရှင်းပေးဖို့အတွက် ပြီးခဲ့ တဲ့ ဖေဖေါ်ဝါလအတွင်းက သပိတ်စခန်းဖွင့် ဆန္ဒပြတောင်း ဆိုခဲ့ကြလို့ တရားစွဲခံရတဲ့တောင်သူ ၃ ဦးနဲ့ ကူညီပေးသူ တစ်ဦး စုစုပေါင်း ၄ ဦးကို သဲကုန်းမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
-
2014-03-11 -
-
-
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့မှာ သိမ်းဆည်းခံ လယ်ယာမြေပြဿနာ ဖြေရှင်းပေးဖို့အတွက် ပြီးခဲ့တဲ့ ဖေဖေါ်ဝါလအတွင်းက သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုခဲ့ကြလို့ တရားစွဲခံရတဲ့တောင်သူ ၃ ဦးနဲ့ ကူညီပေးသူတစ်ဦး စုစုပေါင်း ၄ ဦးကို သဲကုန်းမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေး ခဲ့ပါတယ်။
ဒီနေ့ရုံးချိန်းမှာ တောင်သူတွေဘက်က အမှုလိုက်ပေး တဲ့ ရှေ့နေတစ်ယောက် မလာတဲ့အတွက် လာမယ့် ၂၅ ရက်နေ့မှာ ထပ်ပြီးစစ်ဆေးဖို့ ရက်သတ်မှတ်ပေးလိုက် တယ်လို့ တရားစွဲခံထားရတဲ့ အောင်ကုန်းကျေးရွာ က တောင်သူ ကိုပေါက်စက ပြောပါတယ်။
"ကျနော်တို့ဘက်က ရှေ့နေပေါ့နော်၊ နှစ်ယောက်က တစ်ယောက်လိုနေသေးတဲ့အတွက် ၂၅ ရက်နေ့ ပြန်ချိန်းတယ်ပေါ့နော်၊ နောက်တစ်ပတ် စစ်ပါ့မယ်ဆိုပြီးတော့ ပြောပါတယ်"
သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာက ကိုပေါက်စ၊ ဒေါ်ညို၊ ဒေါ်ဝင်းနဲ့ နတ္တလင်းမြို့ ပြည်သူ့အကျိုးဆောင် ကွန်ရက်က ကိုသန့်ဇင်ထက်တို့ ၄ ဦးဖြစ်ပြီး ဒီနေ့ ရုံးချိန်းကို တောင်သူ ၅၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၀ ခုနှစ်က တပ်မ ၆၆ လက်အောက်ခံ ခလရ ၈၀ က သဲကုန်းမြို့နယ် အောင်ကုန်း၊ သင်တော၊ ကဇွန်းအင်း၊ ယင်းတိုက်တန်းနဲ့ နှောကုန်းကျေးရွာ ၅ ရွာက လယ်မြေဧက ၅ ထောင်ကျော်ကို စစ်တပ်ရန်ပုံငွေအတွက် သိမ်းဆည်းခဲ့တာလို့ သိရပါတယ်။
အဲ့ဒီ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ကနေ ၁၄ ရက်နေ့ အထိ သပိတ်စခန်းဖွင့်လှစ်တောင်းဆိုခဲ့ရာမှာ သဲကုန်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ မြို့နယ်ရဲတပ်ဖွဲ့က သပိတ်စခန်းကို ဖယ်ရှားပြီး ဦးဆောင်သူတောင်သူ ၃ ဦးနဲ့ ကူညီပေးသူတစ်ဦးကို တရားမဝင်စုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ နဲ့ တရားစွဲထားတာ ဖြစ်ပါတယ်။