ဖမ်းဆီးခံ ကျောင်း သားခေါင်းဆောင်တွေကို ပုဒ်မတွေထပ်တိုး
ဒီမိုကရေစီပညာရေး တောင်းဆိုလှုပ်ရှား မှုကြောင့် ဖမ်းဆီးခံနေရတဲ့ ဗကသ ကျောင်းသားခေါင်းဆောင်တွေကို ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် တရားရုံးမှာ ဒီနေ့ရုံးထုတ်ခဲ့ပြီး၊ ပုဒ်မ (၁၈) တစ်ခုထပ်တိုးလိုက်သလို၊ သပိတ်ကာလက ရန်ကုန် တက္ကသိုလ်ဂိတ် တံခါးကျော်ဝင်ခဲ့တဲ့ ကိစ္စကိုလည်း တရား စွဲဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
-
2015-11-19 -
-
-
Your browser doesn’t support HTML5 audio
ဒီမိုကရေစီပညာရေး တောင်းဆိုလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံနေရတဲ့ ဗကသ ကျောင်းသားခေါင်းဆောင်တွေကို ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် တရားရုံးမှာ ဒီနေ့ရုံးထုတ်ခဲ့ပြီး၊ ပုဒ်မ (၁၈) တစ်ခုထပ်တိုးလိုက်သလို၊ သပိတ်ကာလက ရန်ကုန်တက္ကသိုလ်ဂိတ် တံခါးကျော်ဝင်ခဲ့တဲ့ ကိစ္စကိုလည်း တရားစွဲဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကို၊ ဒု-ဥက္ကဌ ကိုလင်းထက်နိုင်၊ ဗဟိုလုပ်ငန်းကော်မတီဝင် ကိုနန္ဒာစစ်အောင်၊ အရှေ့ပိုင်းခရိုင်က မပိုပိုနဲ့ သူတို့ကို ကူညီသူ ကိုဝင်းကျော့မှူးတို့ကို ပုဒ်မထပ်တိုးတာဖြစ်လို့ ကိုနန္ဒာစစ်အောင်ကို စွဲဆိုထားတဲ့အမှုပေါင်း ၇ဝ ရှိသွားပြီး၊ ကျန် ၄ ယောက်က ၅ မှုစီဖြစ်သွားပါတယ်။
ဒါ့အပြင် ဗကသ ဥက္ကဌ ကိုကျော်ကိုကို ကို၊ ကိုကိုးကျွန်းပြန် ဦးလှရွှေက ဘယ်လိုညွှန်ကြားထားလဲ ဆိုတာမျိုးတွေ ကို ထောက်လှမ်းရေးတွေက ပြန်ပြီးစစ်ကြောရေးဝင်နေတယ်လို့ ကိုကျော်ကိုကိုရဲ့ ဖခင် ဦးကျော်အေးက RFA ကို ပြောပါတယ်။
"ဆရာဦးလှရွှေ ကိုယ်ရေးအတ္ထုပ္ပတ္တိထုတ်တော့ စနေနေ့က အဲ့ဒါ သူတို့ကိုပြန်ပြီးတော့ စစ်ဆေးချက်ဝင်တယ် ခင်ဗျ၊ စနေရော တနင်္ဂနွေရောပေါ့၊ သူတို့ိကို ဦးလှရွှေက ဘာတွေများ လုပ်ပေးနေလဲပေါ့၊ လာပြီးတော့ စစ်ကြောရေးဝင်တယ်တဲ့၊ တနင်္လာနေ့တော့ ကျနော်တို့နဲ့ လူချင်းတွေ့တော့လေ ထောင်ကိုလာတွေ့တော့ သူကအဲ့ဒါပြောပြတယ်၊ နောက်ပိုင်းလည်း ဒီပြင့်ဟာတွေလာပြီးတော့ မေးတယ်ပေါ့ဗျာ၊ စစ်ကြောရေးက မပြီးဘူးဖြစ်နေတာ အဲ့ဒီဟာကို"
ရန်ကုန်တက္ကသိုလ် ဝင်းတံခါးကျော်ဝင်တဲ့ကိစ္စအတွက်ကိုတော့ ကိုကျော်ကိုကို၊ ကိုလင်းထက်နိုင်၊ ကိုနန္ဒာစစ်အောင် နဲ့ မဖြိုးဖြိုးအောင်တို့ကို တရားစွဲမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီမိုကရေစီပညာရေး တောင်းဆိုလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံနေရတဲ့ ဗကသ ကျောင်းသားခေါင်းဆောင်တွေကို ပုဒ်မထပ်တိုးတဲ့ကိစ္စနဲ့ပတ်သက်လို့ အာမခံနဲ့တရားရင်ဆိုင်နေရတဲ့ အရှေ့ပိုင်းခရိုင် ဗကသများအဖွဲ့ချုပ်က မပိုပိုကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။