ကိုရိုနာ ဗိုင်းရပ်စ် အနီးကပ်စောင့်ကြည့်လူနာ ငါးဦးမှာ ဗိုင်းရပ်စ် မတွေ့ဟုဆို

ကိုရိုနာ ဗိုင်းရပ်စ် သံယရှိတဲ့ အနီးကပ်စောင့်ကြည့်လူနာ ငါးယောက်မှာ ဗိုင်းရပ်စ်ကူးစက်ခံရတာ မရှိဘူးလို့ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က ဒီနေ့ မတ် ၃ ရက်နေ့မှာ RFA ကို ပြောပါတယ်။

ရန်ကုန်မြို့လယ်က ကားမှတ်တိုင်တစ်ခုမှာ အရက်ပျံပါတဲ့ လက်သန့်ဆေးဘူးနဲ့ ဆေးနေသူတစ်ဦးကို တွေ့ရစဉ် Photo: Zarni Htun/RFA

ကိုရိုနာ ဗိုင်းရပ်စ် သံယရှိတဲ့ အနီးကပ်စောင့်ကြည့်လူနာ ငါးယောက်မှာ ဗိုင်းရပ်စ်ကူးစက်ခံရတာ မရှိဘူးလို့ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က ဒီနေ့ မတ် ၃ ရက်နေ့မှာ RFA ကို ပြောပါတယ်။

“ဖျားနာပြီး ဆေးခန်းလာပြတာကနေ ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူအဖြစ် စောင့်ကြည့်ခံထားရသူ ငါးယောက်ရဲ့ ကျန်းမာရေးအခြေအနေလည်း ကောင်းမွန်လာပြီ”

ဇန်နဝါရီလကနေ အခုမတ်လ အစောပိုင်းထိ ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်သံသယလူနာကို စစ်ဆေးတာ ၄၅ ခု ရှိပါတယ်။ လက်ရှိ အနီးကပ် စောင့်ကြည့်လူနာ ငါးယောက်ထဲက နှစ်ယောက်ဟာ တရုတ်ကိုပြန်သွားခဲ့တဲ့ တရုတ်နိုင်ငံသားတွေဖြစ်ပြီး၊ တစ်ယောက်က နယ်သာလန်နိုင်ငံသားဖြစ်ပြီး၊ ကျန် နှစ်ယောက်က မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက မနေ့တုန်းက ထုတ်ပြန်ထားပါတယ်။ မြန်မာ နှစ်ယောက်ထဲက တစ်ယောက်ဆိုရင် စင်္ကာပူမှာ ကိုဗစ်ကူးစက်ခံရသူနဲ့ အတူနေထိုင်ဖူးတဲ့သူပါ။

ဗိုင်းရပ်စ်ကူးစက်ခံရသူရှိလာပြီဆိုရင် မြန်မာနိုင်ငံက ကာကွယ်နိုင်ပါ့မလားဆိုတာကို ပညာရှင်အသိုင်းအဝိုင်းကပါ မေးခွန်းထုတ်နေကြတယ်လို့ ကိုဗစ်ရောဂါကို စောင့်ကြည့်လေ့လာနေတဲ့  ဒေါက်တာ ကျော်စွာဦးက  ပြောပါတယ်။

“ကျွန်တော်တို့တိုင်းပြည်က ကျန်းမာရေးနဲ့ပတ်သက်ပြီး သိတဲ့အတိုင်းပဲ။ ကြိုးတော့ကြိုးစားပြီး စောင့်ရှောက်မှု ပေးနေတယ်။ သို့သော်လည်း အားနည်းနေသေးတဲ့ အခြေအနေတွေရှိတဲ့အတွက် အကယ်၍များဖြစ်ခဲ့ပြီဆိုရင် ထိန်းနိုင်ပါ့မလားဆိုပြီး ဆေးပညာရှင် အသိုင်းအဝိုင်းကလည်း စိတ်ပူနေတာတွေလည်း ရှိပါတယ်“

တရုတ်ပြည်နဲ့ မိုင်ပေါင်းများစွာ ထိစပ်နေတဲ့မြန်မာနိုင်ငံကို ကိုဗစ်ပြန့်နှံ့မယ့်အခြေအနေက ဖြစ်နိုင်ခြေများပါတယ်။ လတ်တလောအချိန်ထိ ကူးစက်ခံရသူ တစ်ယောက်မှ မတွေ့သေးဘူးလို့ အစိုးရက ပြောနေပါတယ်။ ဒါကို လူမှုကွန်ရက်ပေါ်မှာ တချို့က ကိုရိုနာပြီးတဲ့ နိုင်ငံလို့တောင် စနောက်ရေးသားနေကြပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်ကထုတ်တဲ့ Time သတင်းစာရဲ့ အင်တာနက်စာမျက်နှာမှာလည်း တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ နိုင်ငံငါးခုမှာ ဒီဗိုင်းရပ်စ်ရောဂါ လုံးဝမတွေ့သေးလို့ အံ့သြနေကြပါတယ်၊ အဲဒီထဲမှာ မြန်မာနိုင်ငံလည်း ပါပါတယ်။

တရုတ်မှာ ကိုဗစ်တိုက်ဖျက်ရေးအတွက် အထူးတပ်ဖွဲ့တွေကို လေ့ကျင့်ပေးနေတဲ့ ရုပ်သံမှတ်တမ်းတွေ လူမှုကွန်ရက်ပေါ်မှာ တွေ့ရပါတယ်။ နယ်စပ်တွေမှာ ခရီးသွားတွေကို စစ်ဆေးတာလက်ခံဖို့၊ လက်မခံရင် ဖမ်းဆီးဖို့ လေ့ကျင့်ကြတာပါ။ နောက်ပြီး လူသွား၊ လူလာများတဲ့ နေရာတွေကို ပိုးသတ်ဆေးဖြန်းတာမျိုးတွေလည်း လုပ်တာတွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေးအထူထပ်ဆုံးဖြစ်တဲ့ ရန်ကုန်မြို့လယ်ခေါင်က လူအသွားအလာများတဲ့ ကားမှတ်တိုင် အနည်းငယ်မှာပဲ အရက်ပျံဓာတ်ပါတဲ့ လက်သန့်ဆေးဘူးတွေ ချိတ်ထားတာ တွေ့ရပါတယ်။

ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ဆန်စင်ရာ ကျည်ပွေ့မလိုက်နိုင်ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရ ဒေါက်တာ ခင်ခင်ကြီးက တုံ့ပြန်ပါတယ်။

“ကျွန်မတို့ အဓိက လူတွေကိုပြောချင်တာက လက်ဆေးဆပ်ပြာတွေ ဂျယ်တွေနဲ့ဆေးဖို့ အဓိက မဟုတ်ပါဘူး။ ရေနဲ့ဆပ်ပြာနဲ့ဆေးဖို့က အဓိကပါပဲ။ ရှိတဲ့နေရာတိုင်းမှာ လက်ဆေးဆပ်ပြာတွေ ထားပေးဖို့ ကျွန်မတို့မှာ တာဝန်မရှိပါဘူး။ လက်ဆေးဆပ်ပြာ ထားပေးဖို့လည်း မလိုပါဘူး။ အဓိကတော့ အမြဲတမ်းလက်ဆေးဖို့ လိုပါတယ်”

ရန်ကုန်က ဆေးရုံ၊ ဆေးခန်းတချို့နဲ့ ဈေးဝယ်စင်တာ အနည်းငယ်မှာလည်း အပူချိန်တိုင်း ကိရိယာနဲ့ စစ်ဆေးတာမျိုး တွေ့ရတတ်ပါတယ်။ မြန်မာမှာက စောင့်ကြည့်စမ်းသပ်နေတဲ့ ကာလဖြစ်တဲ့အတွက် ပိုးသတ်ဆေးဖြန်တာတွေ မလုပ်သေးတာလို့ ဒေါက်တာ ကျော်စွာဦးက ပြောပါတယ်။ ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းမကြီးမှာလည်း ယာဉ်ထဲရဲတပ်ဖွဲ့က အသိပညာပေးမှုတွေ လုပ်နေတာ တွေ့ရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနကလည်း ကိုဗစ်နိုင်တင်းကို တိုင်ကြားရမယ့် ကူးစက်ရောဂါအဖြစ် ဖေဖော်ဝါရီလ ၂၈ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ တိုင်ကြားဖို့ ပျက်ကွက်ရင် ထောင်ဒဏ်လ ခြောက်လကျခံရမယ်လို့လည်း ဆိုထားပါတယ်။

ကိုဗစ်နိုင်တင်းရောဂါ ကူးစက်မှု သေဆုံးမှုနှုန်းတွေ ဆက်တိုက်ဆိုသလို မြင့်တက်လျှက်ရှိပါတယ်။ ဒီနေ့ မတ်လ ၃ ရက်နေ့အထိဆိုရင် တစ်ကမ္ဘာလုံးမှာ သေဆုံးသူက ၃၂၀၀ ဝန်းကျင် ရှိလာပြီး၊ ရောဂါ ပြန့်နှံ့မှုက နိုင်ငံပေါင်း ၆၀ အထိရှိလာပါပြီ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org