ကိုဗစ်ကြောင့်သေဆုံးသူ မြန်မာနိုင်ငံမှာ ၃၂၆၂ ဦး ရှိပြီ
စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက မနေ့က ညပိုင်း နောက်ဆုံး ထုတ်ပြန်ချက်အရ မနေ့က ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ် ၄ဝ၇ ဦး တွေ့ရှိတယ်လို့ ဆိုပါတယ်။
- 2021-06-21
-
-
-
စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက မနေ့က ညပိုင်း နောက်ဆုံးထုတ်ပြန်ချက်အရ မနေ့က ၂၄ နာရီ အတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ် ၄ဝ၇ ဦး တွေ့ရှိတယ်လို့ ဆိုပါတယ်။
အခု ဇွန်လအတွင်း အတည်ပြုလူနာတွေ သိသိသာသာ တိုးလာနေပြီး နေ့စဉ် ရာနဲ့ချီ စစ်ဆေး တွေ့ရှိနေတာပါ။ အတည်ပြုလူနာ စုစုပေါင်း မြန်မာနိုင်ငံမှာ တစ်သိန်း လေးသောင်း ရှစ်ထောင်ကျော်ရှိနေပြီး အဲဒီအထဲက ဆေးရုံကဆင်းခွင့်ရသူ တစ်သိန်း သုံးသောင်း သုံးထောင်ကျော် ရှိတယ်လို့ ဆိုပါတယ်။ သေဆုံးသူလည်း မနေ့က လေးယောက် ထပ်တိုးလာလို့ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း မြန်မာနိုင်ငံမှာ ၃၂၆၂ ယောက် ရှိသွားပါပြီ။
စစ်အာဏာသိမ်းတာကို မကျေနပ်လို့ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ကျန်းမာရေး လောကသားတွေ ထောင်နဲ့ချီ ရှိနေလို့ မြန်မာနိုင်ငံက ကျန်းမာရေးစနစ်က ထိခိုက်ယိုယွင်းနေပါတယ်။ စေတနာ့ဝန်ထမ်း ကျန်းမာရေးကူညီပေးနေသူတွေလည်း အဖမ်းခံရတာ၊ ရုံးခန်းတွေ ဖျက်စီးခံရတာ၊ စစ်ကောင်စီက သေနတ်နဲ့ပစ်လို့ သေဆုံးရတာတွေ ရှိနေတာကြောင့် ပရဟိတ ကျန်းမာရေး ကူညီမှုတွေလည်း သိသိသာသာ နည်းပါးနေပါတယ်။