ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား ကိုဗစ်ဖြစ်သူများပြား

လုဆိုင်း
2021.07.03

ထိုင်းနိုင်ငံမှာ ကိုဗစ် ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကြောင့် သေဆုံးသူ မြင့်တက်နေပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားတွေလည်း ကိုဗစ်ရောဂါပိုး ကူးစက်ခံနေရလို့ သေဆုံးမှုတွေလည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ရက်နေ့ တစ်ရက်တည်း မှာ သေဆုံးသူ မြန်မာ ၆၀ ကျော်တယ်လို့ မြန်မာအလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

ဇူလိုင်လ ၁ ရက်နေ့က ဘန်ကောက်မြို့အနီး ဘန်ခွန်ထီယမ်မြို့နယ်မှာ နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား အသက် ၄၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ ဆေးရုံကား စောင့်ရင်း သေဆုံးခဲ့တယ်လို့ သေဆုံးသူကို ကူညီပေးခဲ့တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ကိုအောင်ဇင်ဖြိုးက ပြောပါတယ်။

“ကျနော်တို့ လမ်းမှာရှိတဲ့ ဆေးခန်းမှာ ဆေးသွားထိုးခဲ့တာပေါ့ဗျာ။ အဲဒါ မနေ့ညမှ အသည်းအသန် ဖြစ်လာတယ်။ ကျနော်တို့ ဆေးရုံကားကို ၉ နာရီခွဲလောက်မှာ ခေါ်တာ။ သူတို့က ဟိုလွှဲလိုက်၊ ဒီလွှဲလိုက်၊ ဆေးရုံမှာ လူပြည့်နေတဲ့အကြောင်း သူတို့ လာခေါ်တာတောင်မှ ပကန်ရှိတာတောင်မှ ကားက ၄၈၀၀ တောင်းတယ်။ ကျနော်တို့လည်း ပေးမယ်ပေါ့။ အဲဒါကို ၂ နာရီထိုးမှလာတယ်။ ဆေးရုံကားလည်း ရောက်ရော၊ မကြာဘူး။ ကားပေါ်တင်ခါနီးမှာပဲ ဆုံးသွားတာဗျ။ ကျနော်တို့ လမ်းမှာက ဆုံးသွားတာ လူ နှစ်ယောက်ရှိပြီပေါ့”

သေဆုံးသူရဲ့ အလောင်းကို ဇူလိုင် ၃ ရက်နေ့က ထိုင်းကိုဗစ် အရေးပေါ် ထိန်းချုပ်ရေးစင်တာက မီးသင်္ဂြိုဟ် လိုက်တယ်လို့ ဆိုပါတယ်။

ဘန်ခွန်ထိယမ်မြို့နယ်မှာ မြန်မာတွေ အများအပြားနေထိုင်နေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မြန်မာရွှေ့ပြောင်း အလုပ်သမားတစ်ဦးက ကိုဗစ်ရောဂါ ပိုးကူးစက်ခံရလို့ သေဆုံးခဲ့တယ်လို့ ကိုအောင်ဇင်ဖြိုးက ပြောပါတယ်။

မဲဆောက်မြို့ အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ မြန်မာရွှေ့ပြောင်းလုပ်သား ၁၀ ဦးထက်မနည်း သေဆုံးမှုတွေ ရှိနေပြီး ဇူလိုင်လ ၂ ရက်နေ့ သေဆုံးသူ ၆၁ ထိ စံချိန်တင်ခဲ့လို့ ထိုင်းနိုင်ငံဟာ ကိုဗစ်ရောဂါပိုးကူးစက်မှု အခြေအနေ စိုးရိမ်စရာ ဖြစ်နေတယ်လို့ ပြောပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်အသမား အများအပြားနေထိုင်နေတဲ့ မဲဆောက်မြို့နယ်မှာလည်း ဇူလိုင်လ ၂ ရက်နေ့ထိ မြန်မာရွှေ့ပြောင်း အလုပ်သမား ၇၀၀ ကျော် ကိုဗစ်ရောဂါပိုး ကူးစက်ခံနေရပြီလို့ ဦးမိုးကြိုးက ပြောပါတယ်။ ဒါကြောင့် နယ်စပ်ကနေ တရားမဝင် ဝင်လာမယ့် မြန်မာနိုင်ငံသားတွေကိုလည်း ထိုင်းနိုင်ငံကို မလာသင့်ဘူးလို့ အကြံပြုပါတယ်။

ထိုင်းအာဏာပိုင်တွေကလည်း နယ်စပ်ကနေ တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို နေစဉ်ဆိုသလို ဖမ်းဆီးမှုတွေ ရှိနေပါတယ်။ ဇူလိုင်လ ၃ ရက်နေ့ ကန်ချနဘူရီခရိုင်ကနေ တရားမဝင် ဝင်လာတဲ့ မြန်မာ နိုင်ငံသား ၁၁ ဦး၊ တာခ်ခရိုင် မဲဆောက်မြို့နယ်ကနေ ဝင်လာတဲ့ မြန်မာနိုင်ငံသား ၁၁ ဦးကိုလည်း ထိုင်း ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။

ကန်ချနဘူရီခရိုင်ကနေ တရားမဝင် ဆိုင်ကယ်နဲ့ ဝင်လာတဲ့ မြန်မာမိန်းကလေး သုံးဦး ထိုင်းရဲနဲ့ စစ်သားတွေက ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ် အွန်လိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာ ရောဂါလက္ခဏာ ဆိုးရွားတဲ့သူတွေ ဆေးရုံတင်ကုသဖို့အတွက် ကုတင်လုံလောက်မှုတွေ မရှိတာကြောင့် နေအိမ်ထဲမှာပဲ နေထိုင်နေရပြီး ဆေးကုသဖို့ အခက်အခဲတွေ ကြုံနေရပါတယ်။

ဇူလိုင်လ ၃ ရက်နေ့ ထိုင်းနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာသစ် ၆၂၀၀ ကျော် ရှိပြီး သေဆုံးသူ ၄၁ ဦးရှိတယ်လို့ ထိုင်းကျန်းမာရေးဌာနက ထုတ်ပြန်ထားပြီး စုစုပေါင်း ကိုဗစ်အတည်ပြုလူနာ နှစ်သိန်း ခုနစ်သောင်း ခုနစ်ထောင်ကျော် ရှိပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ် တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်လာတာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေ ကိုလည်း ဇွန်လ ၂၈ ရက်နေ့ကနေစပြီး တစ်လကြာ ပိတ်ထားလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။