တောင်တွင်းကြီးမှာ Covid-19 လူနာ ခြောက်ဆယ်ကျော် စားသောက်နေထိုင်ရေး အခက်အခဲဖြစ်နေ

2021.07.04
တောင်တွင်းကြီးမှာ Covid-19 လူနာ ခြောက်ဆယ်ကျော် စားသောက်နေထိုင်ရေး အခက်အခဲဖြစ်နေ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ ပြည်သူ့ဆေးရုံ လူနာတင်ယာဥ်တစ်စီးကို တွေ့ရစဉ်
Photo: Citizen Journalist

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ Covid-19 ကူးစက်ခံရတဲ့လူနာ အယောက် ၆၀ ကျော်ရှိပြီး ဆေးရုံမှာ လူနာတွေ နေထိုင်စားသောက်ရေးအတွက် အခက်အခဲ ဖြစ်နေတယ်လို့ လူနာတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။

ပိုးတွေ့လူနာတွေကို တောင်တွင်းကြီးမြို့နယ်၊ ပြည်သူ့ဆေးရုံနဲ့ ပရပ်ကြယ်တိုက်နယ်ဆေးရုံတွေမှာထားပြီး ဆေးရုံဘက်က စားသောက်ရေး ဘာမှ စီစဉ်ပေးတာမရှိသလို တစ်ကိုယ်ရည် သန့်ရှင်းမှုအတွက်လည်း သုံးရေမရှိတဲ့ အခက်ကြုံနေရတယ်လို့ လူနာတစ်ဦးက ဆိုပါတယ်။

"စားဝတ်နေရေး ဘာမှစီစဉ်ပေးတာ မရှိဘူး။ ထမင်းဆိုရင်လည်း အိမ်ကပို့မှ စားရတယ်။ ဝေးတဲ့ရွာက လူနာတွေဆိုရင် အချိန်မှန် ထမင်းမစားရဘူး။ အိမ်သာဆိုလည်း ရေမရှိဘူး။ ဆေးလည်း မှန်မှန်မတိုက်ဘူး။ ရေချိုးဖို့ကအစ ခက်ခဲနေတယ်။"

တောင်တွင်းကြီးမြို့မှာ အခုရက်ပိုင်းအတွင်း ရောဂါပိုး ကူးစက်မှုနှုန်းမြင့်တက်နေပေမယ့် လူစည်ကားတဲ့ နေရာတွေကို အသွားအလာ ကန့်သတ်တာ ပိတ်ထားတာမရှိသလို စာသင်ကျောင်းတွေကိုလည်း အခုထိ မပိတ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တောင်တွင်းကြီးမြို့မှာ ဇွန်လ ၂၂ ရက်နေ့ကနေစပြီး ဇူလိုင် ၃ ရက် မနေ့ကအထိ Covid-19 အတည်ပြုလူနာ ၆၈ ဦးရှိပြီး တောင်တွင်းကြီးဆေးရုံမှာ ရှစ်ဦး၊ ပရပ်ကြယ်တိုက်နယ်ဆေးရုံမှာ ၅၆ ဦး၊ ဆေးကုသမှု ခံယူနေရပြီး ဆေးရုံက ဆင်းသွားသူ နှစ်ဦးနဲ့ သေဆုံးသူ နှစ်ဦး ရှိပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။