စစ်ကောင်စီလက်ထက် တစ်ကျော့ပြန် ကိုဗစ်တိုက်ဖျက်ရေး ပရဟိတ ကူညီလိုသူတွေ လျော့နည်း

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဆိုးဆိုးရွားရွားဖြစ်နေတဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံကနေ တစ်ဆင့် ပြီးခဲ့တဲ့ မေလကုန်ပိုင်း လောက်ကစပြီး မြန်မာပြည်တွင်း တစ်ကျော့ပြန် ကူးစက်လာတဲ့ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-နိုင်တင်းန် ကပ်ရောဂါ ကြောင့် ပြည်တွင်းကူးစက်မှုနှုန်းရော၊ သေဆုံးမှုနှုန်း တွေပါ ပြန်မြင့်တက်လာနေပါတယ်။

ချင်းပြည်နယ်၊ ဖလန်းမြို့မှာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူကို ၂၀၂၁ ဇွန် ၁၄ ရက်နေ့က သယ်ဆောင်နေစဉ် Photo: Citizen Journalist

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဆိုးဆိုးရွားရွားဖြစ်နေတဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံကနေတစ်ဆင့် ပြီးခဲ့တဲ့ မေလကုန်ပိုင်းလောက်ကစပြီး မြန်မာပြည်တွင်း တစ်ကျော့ပြန် ကူးစက်လာတဲ့ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-နိုင်တင်းန် ကပ်ရောဂါကြောင့် ပြည်တွင်းကူးစက်မှုနှုန်းရော၊ သေဆုံးမှုနှုန်းတွေပါ ပြန်မြင့်တက်လာနေပါတယ်။

အိန္ဒိယနဲ့ အနီးဆုံး ချင်းပြည်နယ်ထဲမှာ ကိုဗစ်-နိုင်တင်းန်ရောဂါ စတင်ဖြစ်ပွားလာရင်းကနေ အခုဆိုရင် နေပြည်တော်၊ ရန်ကုန်၊ စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီ၊ ရှမ်း စတဲ့ဒေသတွေမှာပါ ပျံ့နှံ့နေပါပြီ။

ဒါပေမဲ့ အရင်တုန်းက ကိုဗစ်ကာကွယ်ရေး လုပ်ငန်းတွေမှာ အဓိက အခန်းကဏ္ဏကနေ ပါဝင်ခဲ့ကြတဲ့ ပရဟိတအဖွဲ့အစည်းတွေဟာ အခု အာဏာသိမ်း စစ်ကောင်စီ လက်ထက်မှာတော့ ရုံးခန်းတွေ အဖျက်စီး ခံရတာ၊ အဖွဲ့ဝင်တွေ ရိုက်နှက်အဖမ်းခံရတာ၊ သေနတ်နဲ့ အပစ်ခတ်ခံရလို့ သေဆုံးတာ တွေရှိခဲ့တာကြောင့် အခုဆိုရင် ကိုဗစ် ပြန်ဖြစ်လာချိန်မှာတော့ ကူညီပေးနိုင်မယ့်သူတွေ လျော့နည်းသွားကြပါတယ်။

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လတုန်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ တွေကို စစ်ကောင်စီက အကြမ်းဖက်နှိမ်နှင်းတာတွေ လုပ်နေချိန် ထိခိုက်ဒဏ်ရာသူတွေကို ကူညီ ကယ်ဆယ်ရေး လုပ်ပေးနေတဲ့ မွန်မြတ်စိတ်ထား ဘိုးဘွားကူညီစောင့်ရှောက်ရေးအသင်းက ပရဟိတ အဖွဲ့ဝင် လေးယောက်ဟာ အရင်က ကိုဗစ်ကာကွယ်တိုက်ဖျက်ရေးအတွက် တက်တက်ကြွကြွ ပါဝင်ခဲ့သူတွေပါ။

သူတို့ လေးယောက်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရိုက်နှက်ဖမ်းဆီးတာခံခဲ့ရပြီး ပြန်လွတ်လာပေမယ့် အခုချိန်အထိ ထိတ်လန့်နေတာကြောင့် အပြင်မထွက်ဘဲ ဘိုးဘွားတွေကိုသာ စောင့်ရှောက်ပေးနေတယ်လို့ အသင်းအတွင်းရေးမှူး ဒေါ်တင်တင်ဝင်းက ပြောပါတယ်။

"သူတို့ကိုယ်တိုင်က အဲဒီလိုထွက်ရမှာကို အဲလိုပြန်ဖြစ်မှာကို ကြောက်နေကြတယ်။ တချို့လူနာတွေ အကူညီတောင်းရင်တောင်မှ ကျမတို့မှာ အကူညီမပေးနိုင်ဘူး။ အဲလိုဖြစ်နေတယ်။ လုပ်ကြတယ် သူတို့တွေက၊ မြောက်ဥက္ကလာ Fever Clinic ဖွင့်တော့ အဲဒီမှာ အားသွန်ခွန်စိုက် လုပ်တယ်။ ရပ်ကွက်တွေ မှာလည်း လူနာတွေကို ပို့တာတွေ၊ အဲဒါတွေကို တော်တော်လေးကို လုပ်ကြတယ်။ အဲလိုမျိုး ဖြစ်သွားပြီး တော့ ကြောက်စိတ်တွေလည်း ဝင်ကုန်တာပေါ့။ ဒီလိုမျိုးထွက်ရင် ထပ်ဖြစ်မှာကို စိုးရိမ်နေကြတယ်။"

ကိုဗစ်လူနာတွေကို ကူညီပေးနေတဲ့ ပရဟိတအဖွဲ့တချို့ကလည်း ကိုယ်အပူချိန် မြင့်နေတဲ့လူနာတွေကို အစိုးရဆေးရုံနဲ့ ပုဂ္ဂလိကဆေးရုံတချို့က လက်မခံတာတွေ ရှိနေတာကြောင့် ဘယ်နေရာကို ပို့ရမှန်း မသိတဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

မဖြစ်မနေ ဆေးရုံတက်ချင်တဲ့လူနာကို ဆေးရုံပို့ပေမယ့် ဆေးရုံက လက်မခံတာကြောင့် အိမ်ကိုပြန်ခေါ်ခဲ့ရပြီး အသက်သေဆုံးသွားတာလည်း ရှိတယ်လို့ တောင်ဥက္ကလာပမြို့နယ် သုခကာရီ လူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ရွှေမှုန်က ပြောပါတယ်။

"ဆေးရုံတွေမှာ တိုင်းကြည့်လို့ အပူချိန် ရှိပြီဆိုရင် လက်မခံဘူး။ လက်မခံရင် အရင်ဆုံး အဲဒီလူနာကို အိမ်ပြန်ပို့ရတဲ့ လူနာတွေလည်း ရှိနေတယ်။ ကိုဗစ် စစ်လိုက်လို့ တစ်ခုခု သိရပြီဆိုရင် လူနာကို အိမ်ပြန် သယ်လာရတယ်ဆိုတော့လည်း အစ်မတို့အတွက် Safety တော့ မဖြစ်ဘူးပေါ့နော်။ အစ်မတို့လည်း ကြောက်နေရတယ်။ နောက်တစ်ချက်က ဘာလဲဆိုတော့ လူနာအတွက်လည်း စိုးရိမ်ရတယ်ပေါ့နော်။ အရှေ့မှာ တွေ့ကြုံထားရတာ ရှိတယ်။ သူက ဆေးရုံတက်ဖို့လာတာ၊ ကိုဗစ်-နိုင်တင်းန် စစ်တာ ရလဒ် ထွက်ဖို့ သုံးရက်နေပြီးမှ Yes or No သိပြီးမှ ဆေးရုံလာတက်ပေါ့။ ဒီသုံးရက်အတွင်းမှာလည်း သူ့ရဲ့ မခံစားနိုင်တဲ့ တခြားဝေဒနာတွေကြောင့် အဆင်ပြေချင်မှ ပြေမယ်ပေါ့နော်။ အရှေ့က တစ်ယောက်တော့ သေသွားတာတွေ့တယ်။"

သုခကာရီပရဟိတ လူမှုကူညီရေးအဖွဲ့ဟာလည်း ပြီးခဲ့တဲ့ မတ်လတုန်းက လှိုင်သာယာမြို့နယ်ထဲက စားဝတ်နေရေး ချို့တဲ့သူတွေကို အလှူသွားလုပ်ရင်း ပန်းလှိုင် တံတားနားမှာ စစ်ကောင်စီတပ်ရဲ့ အဖမ်းခံခဲ့ရ ဖူးပါတယ်။ NLD အစိုးရလက်ထက်မှာ ကိုဗစ်တိုက်ဖျက်ရေးကိုသာ အာရုံစိုက်ခဲ့ရပေမယ့်လည်း အခုချိန် မှာတော့ လူနာအတွက် ကူညီပေးနေရပေမယ့် စိတ်မလုံခြုံတော့ဘူးလို့လည်း သူက ပြောပါတယ်။

စစ်အာဏာမသိမ်းခင် ၂၀၁၉ ခုနှစ် မတ်လ ၂၃ ရက်နေ့က မြန်မာနိုင်ငံမှာ ကိုဗစ် စတင်တွေ့ရှိခဲ့ပြီး ကိုဗစ် ပထမလှိုင်းမှာ တစ်ကြိမ်၊ ၂၀၂၀ သြဂုတ်လမှာ ရခိုင်ပြည်နယ် စစ်တွေမြို့ကနေ တစ်ကျော့ပြန် ကိုဗစ်ထပ်မံ တွေ့ရှိခဲ့တဲ့ ကိုဗစ်ဒုတိယလှိုင်းဆိုပြီး တစ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

(၂၀၂၁ ဇွန်လ ၃ ရက်နေ့က တွန်းဇံမြို့မှာ ကိုဗစ်ရောဂါနဲ့ သေဆုံးသူကို ‌မြေမြှုပ်သင်္ဂြိုဟ်ဖို့ သယ်ယူနေစဉ်၊ Photo: CJ)

အဲဒီအချိန်တွေက NLD အစိုးရလက်ထက် ကူးစက်သေဆုံးမှုတွေ မြင့်တက်ခဲ့တုန်းက မြန်မာနိုင်ငံအနှံ့ မြို့၊ ရွာ အခြေစိုက် ပရဟိတအဖွဲ့အစည်းတွေဟာ အင်တိုက်အားတိုက် ပါဝင်နိုင်ခဲ့ကြပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကလည်း ပြည်သူတွေဆီ နေ့စဉ်လိုလို အားပေးစကား တွေ ပြောကြားခဲ့လို့ ပြည်သူတစ်ရပ်လုံးကလည်း လိုက်နာခဲ့ကြလို့ အချိန်တိုခဏအတွင်း ကိုဗစ်ကပ်ဘေးကို အတိုင်းအတာ တစ်ခုအထိ တိုက်ထုတ်နိုင်ခဲ့တယ်လို့ ပရဟိတသမားတွေက မှတ်ချက်ပြုပြောကြပါတယ်။

ဒါပေမဲ့ ဖေဖော်ဝါရီ ၁ ရက် နေ့ကစပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်အာဏာ သိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေ၊ အကြမ်းဖက်ဖြိုခွင်း ခံရလို့ ထိခိုက်ဒဏ်ရာရသူတွေအတွက် ဆေးအကူညီပေးကြတဲ့ ပရဟိတအဖွဲ့ အစည်းတွေကိုပါ စစ်ကောင်စီ က အကြမ်းဖက် နှိမ်နှင်းတာတွေကြောင့် အခုဆိုရင် အဖွဲ့အစည်းအချို့ လည်း ရှောင်ပြေးနေကြရတာ ရှိပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ပရဟိတ လုပ်ဆောင်နေသူ နှစ်ဆယ်ထက်မနည်း ဖမ်းဆီးခံထား ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က ကောက်ခံထားတဲ့ စာရင်းအရ သိရပါတယ်။

ပထမလှိုင်း၊ ဒုတိယလှိုင်း မြင့်တက်ခဲ့တုန်းက NLD အစိုးရက ဦးဆောင်ပြီး ဆေးရုံ၊ ဆေးခန်းတွေ တိုးချဲ့ဖွင့်တာ၊ စာသင်ကျောင်းတွေမှာ စောင့်ကြည့်စင်တာထားတာ စတဲ့ ကိုဗစ်ကာကွယ် တားဆီးရေးအတွက် နည်းလမ်း ပေါင်းစုံ သုံးပြီး လုပ်ပေးခဲ့ပါတယ်။

အဲဒီအချိန်တုန်းက အတည်ပြုလူနာတွေကို ရန်ကုန်မှာဆိုရင် ဖောင်ကြီး၊ ဧရာဝတီ ဖောင်ဒေးရှင်း၊ ရိုးမ ရိပ်သာ အပါအဝင် အိမ်ယာဆောက်လုပ်ရေးစင်တာတွေမှာ ကုသရေးစင်တာတွေအနေနဲ့ ပို့လို့ရခဲ့ပေမယ့် အခု စစ်ကောင်စီ လက်ထက်မှာတော့ ရိုးမရိပ်သာနဲ့ ဖောင်ကြီး နှစ်ခုသာ ဖွင့်ထားတယ်လို့ လူမှုကူညီရေး အသင်းတွေက ပြောပါတယ်။ နယ်ဒေသ အသီးသီးတို့မှာလည်း စောင့်ကြည့်ကုသရေးပိုင်းတွေမှာ ဒေသ အလိုက် ပရဟိတလုပ်ငန်းတွေက အားကြိုးမာန်တက် လုပ်ဆောင်ခဲ့ကြတယ်လို့ ပြောကြပါတယ်။

"အဓိက လိုအပ်တာက PPE နဲ့ စက်သုံးဆီ လိုအပ်တယ်၊ အရင်ကတော့ အလှူရှင်တွေလည်း များတယ်။ အခုတော့ တော်တော်နည်းတယ်"

ဒါ့အပြင် အလှူရှင်တွေလည်း နည်းပါးသွားတာကြောင့် ပရဟိတအဖွဲ့တွေ အတော်ရုန်းကန်နေရတယ်လို့ ရှင်သန်ရေးလူမှုကူညီရေးအသင်း ဦးထွန်းထွန်းဦးက ပြောပါတယ်။

“ဘာအခက်အခဲရှိလဲဆိုတော့ ခါတိုင်းဆိုရင် ဧရာဝတီ စင်တာက သုဝဏ္ဏကွင်းမှာ လုပ်ထားတဲ့အတွက် သူကနီးတယ်။ လိုအပ်ရင်လည်း လိုအပ်တဲ့ဆေးရုံကို ပို့လို့ရတယ်။ အခုကျတော့ ကိုဗစ်ဆိုရင် ဘယ်ဆေးရုံ ပို့ရမလဲဆိုတာက အခက်အခဲတွေရှိတယ်။ နောက်တစ်ချက်က ဆေးရုံသွားပြလို့ ဆေးခန်းသွားပြလို့ ကိုဗစ်ဖြစ်တယ်ဆိုရင် ပို့ရတာက အခုလောလောဆယ် ဖောင်ကြီးကို ပို့ရတယ်။ ဒီတော့ ခရီးလမ်းကြောင်း လည်း ဝေးတယ်။ အဓိက လိုအပ်တာက PPE နဲ့ စက်သုံးဆီ လိုအပ်တယ်။ အရင်ကတော့ အလှူရှင်တွေ လည်း များတယ်။ အခုတော့ အလှူရှင်တွေလည်း အကြောင်းအမျိုးမျိုး အခက်အခဲတွေကြောင့် အလှူရှင် လည်း တော်တော်နည်းတယ်။ ပရဟိတ အသင်းတွေအနေနဲ့ တော်တော်လေး ကြိုးစားရုန်းကန် နေရတဲ့ အခြေအနေရှိတယ်။"

အရင်လို NLD အစိုးရလက်ထက်မှာ ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းတွေက အတည်ပြုလူနာတွေကို အားကြိုးမာန်တက် ကုသပေးကြသလို စေတနာ့ဝန်ထမ်းတွေကလည်း ပရဟိတစိတ်နဲ့ လုပ်ပေးနေကြ ပေမယ့်လည်း စစ်ကောင်စီလက်ထက်မှာတော့ အာဏာဖီဆန်ရေး CDM လုပ်နေတဲ့ ကျန်းမာရေး ဝန်ထမ်း တွေက လုပ်ငန်းခွင် မဝင်ကြသလို ပရဟိတအဖွဲ့အစည်းတွေကိုလည်း သံသယနဲ့ ဖမ်းဆီးနေလို့ ရှောင်တိမ်း နေကြရပါတယ်။

အခုဆိုရင် စစ်ကောင်စီရဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မရမ်းကုန်းမြို့ မင်းဓမ္မလမ်းက Myanmar Convention Center မှာ လူနာ ၂၅၀၊ အင်းယားစင်တာမှာ လူနာ ၅၀၀ လက်ခံကုသပေး နိုင်ဖို့ ပြင်ဆင် နေတယ်လို့ ဇွန် ၁၈ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီလက်အောက် ကျန်းမာရေးဝန်ကြီးဌာနက ဇွန် ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ အတည်ပြု လူနာအသစ် ၅၄၆ ယောက်ရှိပြီး အတည်ပြုလူနာပေါင်း တစ်သိန်း လေးသောင်းကျော်၊ ထပ်မံသေဆုံးသူ ခုနစ်ယောက်ရှိခဲ့တာကြောင့် စုစုပေါင်း သေဆုံးသူ ၃၂၅၈ ယောက်ရှိပြီလို့ သိရပါတယ်။

စစ်ကောင်စီလက်ထက် ကိုဗစ်ရောဂါ ကာကွယ်ရေးလုပ်ငန်းစဉ်တွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီက သတင်း မပြတ်ထုတ်ပြန်နေပေမယ့်လည်း ပြည်သူလူထုတွေကတော့ စစ်ကောင်စီရဲ့ ကိုဗစ် ကာကွယ်ရေး လုပ်ငန်းစဉ်တွေ၊ ကာကွယ်ဆေးထိုးပေးရေး လုပ်ငန်းစဉ်တွေကို အယုံအကြည်မရှိကြဘူးလို့ ပြောဆိုတာတွေ ရှိနေပါတယ်။

အခုချိန်မှာ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်း နည်းပါးနေတာ၊ ကုသမယ့်နေရာ ရှားပါးနေတာ၊ ပိုပြင်းထန်ပြီး ကူးစက်မြန်တဲ့ ကိုဗစ် ဗီဇပြောင်း ပိုးမျိုးက လက်ရှိ မြန်မာနိုင်ငံမှာ ရှိနေတာကြောင့် ကိုယ့်ကိုယ်ကို ရောဂါ ကူးစက်မခံရအောင်၊ ရောဂါဖြန့်ဖြူးသူ မဖြစ်ရအောင် ကာကွယ်ရေးနည်းလမ်းတွေကို သေသေချာချာ လိုက်နာဖို့ ကိုသာ အကောင်းဆုံးနည်းလမ်းဖြစ်လိမ့်မယ်လို့ လူမှုရေးအသင်းဖွဲ့တွေက တိုက်တွန်းထားကြ ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org