ကိုဗစ်ဖြစ်ပွားခဲ့ပြီး နာလန်ထူချိန်မှာ အသက်ဆုံးပါးသူတွေရှိ
ကိုဗစ်- ၁၉ ကပ်ရောဂါ ကူးစက်ပြီးနောက် ပြန်လည်ကျန်းမာလာပြီးမှ ဖျားနာ ချောင်းဆိုးဖြစ်ကာ နာလန်မထူဖြစ်နေသူတွေရှိတဲ့ အပြင် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်ပွားမှုတွေလည်း ရှိနေပါတယ်။ အဆုတ်ကို ထိခိုက်ဖျက်ဆီးခံခဲ့ရတာ ဖြစ်တဲ့ အတွက် နောက်ဆက်တွဲ ကျန်းမာရေးပြသနာတွေကို အထူးဂရုစိုက်ဖို့လိုတယ်လို့ ကိုယ်တွေ့ကြုံရသူတွေနဲ့ ဆေးပညာရှင်တွေက ပြောပါတယ်။
-
ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2021-08-11 -
-
-
ကိုဗစ် -၁၉ တတိယလှိုင်းဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားရပြီးနောက် နှစ်ပတ်ခန့်အကြာမှာ ပြန်လည် သက်သာလာပြီးမှ ထပ်မံဖျားနာချောင်းဆိုးဖြစ်သူတွေ ရှိသလို တချို့ဆိုရင် အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်ပွားတယ်လို့ ကြားသိနေရပါတယ်။ ဒီဗိုင်းရပ်စ်ဟာ ကူးစက်ခံရသူရဲ့ အဆုတ်ကို အဓိက တိုက်ခိုက်ခဲ့တာ ဖြစ်တဲ့အတွက် လုံလောက်တဲ့ အနားယူအားမွေးမှု လိုအပ်တယ်လို့ ကျန်းမာရေး အဖွဲ့အစည်းတွေ၊ ဆရာဝန်တွေက ပြောပါတယ်။ ဟောင်ကောင်တက္ကသိုလ်က ကထိက ဒေါက်တာဖြူဖြူသင်းဇော်ကို RFA ကဆက်သွယ်ပြီး ဘယ်လိုအခြေအနေမျိုးမှာ အခုလို ထပ်မံနာမကျန်းမှုတွေ ပေါ်ပေါက်နိုင်ပါသလဲလို့ မေးမြန်းခဲ့ပါတယ်။
“ကိုဗစ်ကြောင့် အဆုတ်ကထိခိုက်သွားတဲ့အခါ ပြန်ဖြစ်တယ် ပြန်ဖျားတယ်ဆိုတာ နှစ်ခုဖြစ်နိုင်တယ်။ ကျမတို့ပတ်ဝန်းကျင်မှာ ဗိုင်းရပ်စ်တင် မကဘူး။ ဘက်တီးရီးယားပိုးတွေရော တခြားပိုးတွေပါရှိတော့ အားနည်းနေတဲ့အဆုတ်က ကိုယ်ခံအားကျတဲ့အချိန်မှာ ဖျားတာ နေမကောင်းဖြစ်တာ ဖြစ်နိုင်တယ်။ Reinfection ပေါ့နော်။ နောက်တခုက ကိုယ့်ရဲ့အဆုတ်အားနည်းနေတဲ့အတွက် ကိုယ်ခံအား ကျနေတဲ့အတွက် ပြင်းပြင်းထန်ထန် အလုပ်တွေ ပြန်လုပ်လိုက်တယ်။ လေ့ကျင့်ခန်းလုပ်လိုက်တယ်။ ခပ်မြန်မြန် ပြေးလိုက်တယ်တယ်ဆိုရင်လည်း ကိုယ့်ရဲ့သွေးလည်ပတ်မှုမှာ အောက်ဆီဂျင် အလုံအလောက်မရတဲ့အတွက် မူးလဲသွားနိုင်တာပေါ့နော်"
ရန်ကုန်မြို့မှာ ကိုဗစ်ကူးစက်ခံခဲ့ရတဲ့ ဦးမြစိုး ဆိုသူကတော့ သူကိုယ်တိုင်နာလန်မထူသေးတဲ့အပြင် ပျောက်ကင်းသက်သာပြီးမှ အသက်ဆုံးပါးနေတာတွေကို တွေ့ကြုံနေရသူပါ။
“ကျတော့်အသိ ဆရာမတစ်ယောက်ဆိုရင် ဖြစ်ပြီး နှစ်ပတ်လောက်ကြာတော့ ကောင်းသွားပြီဆိုရင် အဝတ်ကလေးလျှော်လိုက်တာ၊ လဲပြီး သေသွားတယ်။ ကျနော်တို့ အနားလေးတင်။ နောက်ပြီး ကျတော်နဲ့ ခမည်းခမက်ဆိုရင်လည်း တော်တော်လေးကောင်းနေပြီးမှ ညက ဆုံးသွားတယ်။ ကျတော်က ဇူလိုင်လ ၂၁ ရက်က စဖြစ်တယ်။ အခု ရက် ၂ဝ လောက်ရှိပြီ။ အစား နည်းနည်းစားလာပြီ။ ဒါပေမယ့် ကျတော် အိမ်အပေါ်ထပ်က အောက်ကိုဆင်းရင် မောနေတယ်။ ခြေထောက်တွေ မဆွဲချင်ဘူး။ လူကမောနေတယ်”
ဒေါက်တာ ဖြူဖြူသင်းဇော်က ဆင်းရဲသားတွေအနေနဲ့ လိုက်နာလုပ်ဆောင်ဖို့ ပိုမိုခက်ခဲမှာ ဖြစ်ပေမယ့် ကိုဗစ်ဖြစ်ပွားပြီးသူတွေအနေနဲ့ ထိရောက်တဲ့ အနားယူမှု လိုအပ်တာ အမှန်ပါပဲလို့ ပြောပါတယ်။
“ကောင်းကောင်းမွန်မွန် စားမယ်။ ကောင်းကောင်းမွန်မွန်အနားယူမယ်။ လေ့ကျင့်ခန်းကိုတောင် ဖြည်းဖြည်းသက်သာလမ်းလျှောက်တာကို ကျမတို့ ညွှန်ကြားပါတယ်။ ပြီးရင် နွေးနွေးထွေးထွေး သက်တောင့်သက်သာနေမယ် stress ကို လက်မခံဘဲပေါ့နော်၊ အဆုတ်ပြန်လည်အားကောင်းဖို့ဆိုတာ လေသန့်ရှူဖို့ဆိုတာ လိုတဲ့အတွက် ကျမတို့ အသက်ရှူလေ့ကျင့်ခန်းကိုလည်း ညွှန်ကြားလေ့ ရှိပါတယ်။ Recovery ပြန်ရဖို့ကျတော့ လူတဦးတယောက်ချင်းစီရဲ့ ကိုယ်ခံအား၊ အသက်အရွယ်၊ ကိုယ့်ရဲ့လူနေမှုပတ်ဝန်းကျင် ဆင်းရဲချမ်းသာ ကွာဟမှု အဲလိုအချက်တွေ ကွာခြားပါတယ်၊ အရမ်းအသက်ကြီးတဲ့သူတွေက နာလန်ထ ကြာတယ်၊ လူငယ်တွေက နာလန်ထ မြန်ပါတယ်။ ဒါပေမဲ့ immune system က အရမ်းကြီးတုံ့ပြန်လိုက်တဲ့အတွက် သူ့ရဲ့အဆုတ်က သာမန်ထက်ပိုထိသွားတဲ့ လူငယ်တွေ ရှိပါတယ်။ ခြုံပြီးပြောရရင် ကိုဗစ်က မာယာများတယ်။ တဦးချင်းတယောက်ချင်းရဲ့ အခြေအနေပေါ်မှာ မူတည်ပြီး တုံ့ပြန်မှုတွေ ကွာခြားတဲ့အတွက် ကျမတို့က ကိုဗစ်ကို Very Tricky လို့ အမြဲပြောပါတယ်။ ကျမတို့ case တခုချင်းအလိုက် ဆုံးဖြတ်ပါတယ်။ အရေးကြီးဆုံးက ကိုဗစ်ပြီးသွားရင် မပေါ့ပါနဲ့။ ပြီးရင် ပတ်ဝန်းကျင်၊ လေကောင်းလေသန့် အနေအထား၊ ကိုယ်ကိုယ်တိုင်ရဲ့ ပတ်ဝန်းကျင်အထောက်အပံ့၊ ကိုယ်က ချက်ချင်းနေမကောင်းဖြစ်ပြီးခါစ အလုပ်ကြမ်းပြန်လုပ်ရတဲ့ ဘဝတွေလည်း ရှိမှာပေါ့၊ သူတို့ဆိုရင် Nutrition အစာအဟာရ မျှချင်မှ မျှမှာပေါ့။ တစ်လလောက်တော့ အချိန်ယူရနိုင်ပါတယ် ပျမ်းမျှကတော့၊ ဒီ တစ်လအတွင်းမှာ မပေါ့ပါနဲ့”
တရားလွှတ်တော်ရှေ့နေကြီး ဦးသိန်းသန်းဦး ကလည်း သူရော သူ့ဇနီးပါ ကိုဗစ်ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီး အသက်မသေ လွတ်မြောက်ခဲ့ပေမဲ့ နာလန်မထူနိုင်သေးဘူးလို့ RFA ကို ပြောပါတယ်။
ပြန်လည်သက်သာလာပြီးမှ အသက်ဆုံးပါးတယ်ဆိုတာ တကယ်ဖြစ်နိုင်ပါသလား။
“သူ့ရဲ့အဆုတ် ဘယ်လောက်ပျက်စီးသွားသလဲဆိုတဲ့အပေါ် မူတည်ပြီး ဖြစ်နိုင်ပါတယ်၊ ဥပမာ ဆေးလိပ်၊ အရက် သောက်တဲ့သူ ကိုယ်ခံအား အစထဲကတည်းက ပျက်စီးထားတဲ့သူတွေမှာ နာလန်ထ လာပေမယ့် အဆုတ်ပျက်စီးမှု အရမ်းများထားတယ်၊ အဖျားပျောက်သွားတာကို လူတွေက နာလန်ထတယ်လို့ ပြောကြတာ တကယ်က ခန္ဓာကိုယ်အတွင်းမှာ ဘယ်အတိုင်းအတာအထိ ပျက်စီးသွားတယ်ဆိုတာက အဖျားကျသွားတာနဲ့ တိုင်းတာလို့ မရဘူး။ အဲတော့ သေဆုံးသွားတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။”
အခုအချိန်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ရက်စက်စွာချေမှုန်းမှုဒဏ်နဲ့ ကိုဗစ်ဖြစ်ပွားမှုဒဏ်ကို တပြိုင်နက် ကြုံတွေ့ခံစားနေရတဲ့ မြန်မာပြည်သူတွေအနေနဲ့ အစစအရာရာ သတိထားကြဖို့ နိုင်ငံရေးသမားတွေနဲ့ ဆေးပညာရှင်တွေက သတိပေးနှိုးဆော်နေကြပါတယ်။