သတင်းထောက် အလုပ်ထုတ်ခံရမှု CPJ စိုးရိမ်
2016.11.05
စစ်သားတွေက မုဒိန်းကျင့်တဲ့အကြောင်း စွပ်စွဲရေးသားတဲ့ သတင်းကို အစိုးရက ဝေဖန်ပြီးတဲ့နောက် အင်္ဂလိပ် ဘာသာနဲ့ ထုတ်ဝေတဲ့ Myanmar Times သတင်းထောက်ကို အလုပ်ကထုတ်ပယ် လိုက်တဲ့အတွက် မြန်မာနိုင်ငံက သတင်းလွတ်လပ်ခွင့်ကို လူအခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့တွေက ပိုမို စိုးရိမ် မကင်းဖြစ်ရတယ်လို့ ရိုက်တားစ် သတင်းမှာ မနေ့က ဖော်ပြလိုက်ပါတယ်။
နယ်မြေမတည်ငြိမ်တဲ့ ရခိုင်ပြည်နယ်က သတင်းရယူဖို့ကြိုးစားတဲ့ သတင်းထောက်တွေ ဟန့်တားခံရပြီး အနှောင့် အယှက်တွေနဲ့ ရင်ဆိုင်ရတယ်လို့ CPJ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ကလည်း ပြောကြား ပါတယ်။
စစ်သားတွေက အကြိမ်ကြိမ် မုဒိန်းကျင့်တယ်လို့ Myanmar Times သတင်းမှာ အောက်တိုဘာလ ၂၇ ရက် က ဖော်ပြတဲ့သတင်းကို သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက တုန့်ပြန်တာကိုလည်း အထူး စိုးရိမ်မကင်းဖြစ် ရတယ်လို့ CPJ က ပြောပါတယ်။
စစ်သားတွေက မုဒိန်းကျင့်တယ်လို့ ပြောတဲ့ အမျိုးသမီး ရှစ်ဦးကို မေးမြန်းပြီး ရိုက်တားစ်ကလည်း ဒီသတင်းဖော်ပြခဲ့ တယ်လို့ ဆိုပါတယ်။
ဒီသတင်းကို ဦးဇော်ဌေးက မကျေလည်ဘဲ Myanmar Times က အထူးသတင်းစုံစမ်းရေးသားတဲ့ Fiona MacGregor ကို သူ့ facebook လူမှုကွန်ရက်မှာ ဝေဖန်ရေးသားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဒိနောက်မကြာခင်ရက်ပိုင်းမှာ Myanmar Times ဂုဏ်သတင်းကို ပျက်ပြားစေမှုနဲ့ သူ့ကို စီမံအုပ်ချုပ်ရေးဌာနက အလုပ်ကနေ ထုတ်ပယ်လိုက်တယ်လို့ သတင်းထောက်က ရိုက်တားစ် သတင်းဌာနကို ပြောပါတယ်။