စစ်ကောင်စီနဲ့ မဆက်ဆံဖို့ အိန္ဒိယကို CRPH တောင်းဆို
အာဏာသိမ်းစစ်ကောင်စီနဲ့ စီးပွားရေး၊ သံတမန်ရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်နေတာတွေကို ရပ်တန့်ပြီး ပိတ်ဆို့အရေးယူတာတွေ တိုးမြှင့်လုပ်ဆောင်ပေးဖို့ CRPH က အိန္ဒိယနိုင်ငံကို ဇွန် ၂၈ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။
-
RFA Burmese
2023-06-28 -
-
-
အာဏာသိမ်းစစ်ကောင်စီနဲ့ စီးပွားရေး၊ သံတမန်ရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်နေတာတွေကို ရပ်တန့်ပြီး ပိတ်ဆို့အရေးယူတာတွေ တိုးမြှင့်လုပ်ဆောင်ပေးဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က အိန္ဒိယနိုင်ငံကို ဇွန် ၂၈ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံက စစ်ကောင်စီနဲ့ သံတမန်ဆက်ဆံရေးတွေ ရှိနေတာကြောင့် ထောက်ပြတာလို့ CRPH ပြောရေးဆိုခွင့်ရှိသူ ဦးစည်သူမောင် က ပြောပါတယ်။
"အိန္ဒိယနိုင်ငံအနေနဲ့က မြန်မာပြည်ဒီမိုကရေစီအရေးကို အားပေးထောက်ခံဖူးတဲ့ သမိုင်းကြောင်း ရှိခဲ့ဖူးတယ်၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာလည်း နှစ်နိုင်ငံခေါင်းဆောင်တွေက နက်ရှိုင်းတဲ့ဆက်ဆံရေးတွေရှိခဲ့တယ်၊ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံမှာ ထောက်ခံခဲ့တယ်၊ စစ်ကောင်စီကအာဏာသိမ်းမှုနောက်ပိုင်းမှာ မြန်မာ့ဒီမိုကရေစီအရေးပေါ်မှာ အားပေးထောက်ခံတာ သိသိသာသာမတွေ့ရဘဲ စစ်အုပ်စုနဲ့ သံတမန်ဆက်ဆံရေးကို တွေ့လာရတယ်၊ ဒါကို အဓိကထောက်ပြတာဖြစ်တယ်"
အမေရိကန်အစိုးရက စစ်ကောင်စီကို ပိတ်ဆို့အရေးယူတာတွေရှိပေမဲ့ ဒေသတွင်းအိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံက စစ်အုပ်စုနဲ့ပြေလည်ပြီး နီးကပ်တဲ့ ဆက်ဆံရေးပြန်လည်တည်ဆောက်နေတာဟာ မြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့ဝေးကွာတဲ့ အခြေအနေတစ်ခုကို ဦးတည်နေတယ်လို့လည်း ဦးစည်သူမောင်က ထောက်ပြပါတယ်။
ဇွန်လ ၂၂ ရက်နေ့က အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် နဲ့ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီတို့ ဝါရှင်တန်ဒီစီက သမ္မတအိမ်တော်မှာ တွေ့ဆုံခဲ့ကြပြီး မြန်မာနိုင်ငံမှာ ဥပဒေမဲ့ဖမ်းဆီးခံထားရသူအားလုံး ပြန်လွှတ်ပေးဖို့ နဲ့ အားလုံးပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းဖို့ တိုက်တွန်းခဲ့ပါတယ်။
အဲဒီလိုနှစ်နိုင်ငံခေါင်းဆောင်တွေ တိုက်တွန်းချက်ကို ကြိုဆိုပြီး အမျိုးသားညီညွတ်ရေးအစိုး (NUG)၊ ဒီမိုကရေစီအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ တိုးမြှင့်ဆောင်ပေးဖို့ CRPH က ထည့်သွင်းတောင်းဆိုထားပါတယ်။