ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ လွှတ်တော်ကိုယ်စားပြု ကော်မတီ ဆုံးဖြတ်
နိုဝင်ဘာ ၇ ရက်နေ့မှာ ကျင်းပမဲ့ ရွေးကောက်ပွဲကို ပြည်သူတွေ သပိတ်မှောက်ဖို့ CRPP လို့ ခေါ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီက စက်တင်ဘာ ၃ ရက် ဒီကနေ့ ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။
-
2010-09-03 -
-
-
NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦးရဲ့ နေအိမ်မှာ ကျင်းပတဲ့ CRPP အစည်းအဝေးကနေ အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲကို မဲမပေးပဲ နေနိုင်တဲ့ အခွင့်အရေး ရှိတာကြောင့် ပြည်သူတွေအနေနဲ့ မဲရုံ မသွားပဲ သပိတ်မှောက် နေနိုင်ကြောင်း CRPP အတွင်းရေးမှူး ဦးအေးသာအောင်က ရှင်းပြပါတယ်။
“သပိတ်မှောက်တယ် ဆိုတာကတော့ ပြည်သူတွေအနေနဲ့ ဒီ ရွေးကောက်ပွဲဟာ မိမိအတွက်၊ ပြည်သူတွေအတွက်၊ တိုင်းပြည်အတွက် အကျိုးမရှိဘူးလို့ သိမြင်လာရင် ရွေးကောက်ပွဲကို မဲဆန္ဒမပေးပဲလည်း နေနိုင်တဲ့ အခွင့်အရေး ရှိတယ်ဆိုတဲ့ သဘောထားပါပဲ။”
ဒီကနေ့ အစည်းအဝေးမှာ အချက် ၂ ချက် ဆုံးဖြတ်ခဲ့ပြီး အဲဒီထဲမှာ တိုင်းရင်းသားအရေးနဲ့ ပတ်သက်လို့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို အာမခံနိုင်မဲ့ အရင်က ပင်လုံသဘောတူညီချက်အတိုင်း ပြည်ထောင်စုတရပ် ပေါ်ပေါက်လာအောင် CRPPက လုပ်ဆောင်သွားမယ်လို့ CRPP အတွင်းရေးမှူး ဦးအေးသာအောင်က ပြောပါတယ်။
“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်တယ်၊ အဲဒီတော့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ လူ့အခွင့်အရေး၊ ဒီမိုကရေစီ အခွင့်အရေး၊ တိုင်းရင်းသား လူမျိုးများရဲ့ အခွင့်အရေးကို ဖော်ဆောင်ပေးတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မဟုတ်ဖူး၊ အဲဒီတော့ CRPP အနေနဲ့ အဖွဲ့ဝင် ပါတီများအနေနဲ့ ရွေးကောက်ပွဲ ပြီးရင်လည်းပဲ ဆက်ပြီးတော့ ဒီမိုကရေစီ အခွင့်အရေး၊ လူ့အခွင့်အရေးတွေ ရအောင် တိုင်းရင်းသားများရဲ့ အခွင့်အရေးကို ဖော်ဆောင်နိုင်အောင် ဆက်လက်ပြီးတော့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။”
NLD ခေါင်းဆောင်တွေအနေနဲ့ တိုင်းနဲ့ ပြည်နယ်တွေကို စည်းရုံးရေးခရီးတွေ ထွက်နေကြရာမှာ နောင်ခရီးစဉ်တွေအတွင်း CRPP ခေါင်းဆောင်တွေ ကိုယ်တိုင်လိုက်ပါပြီး ၊ တိုင်းရင်းသားတွေ ရင်ဆိုင်နေရတဲ့ ဒုက္ခပြဿနာတွေကို သွားရောက် ဆွေးနွေးမယ်လို့ သိရပါတယ်။
CRPP ခေါင်းဆောင် ၉ ဦးတက်ရောက်တဲ့ ဒီကနေ့အစည်းအဝေးမှာ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့က နယ်ခြားစောင့်တပ်ဖွဲ့ရေး ငြင်းဆန်ခဲ့တဲ့ကိစ္စကိုလည်း အလေးပေး ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။