NLD ခရီးစဉ်မှာ လွှတ်တော်ကိုယ်စားပြု ကော်မတီ ပူးပေါင်းပါဝင်

NLD ပါတီရဲ့ ရွေးကောက်ပွဲ သပိတ်မှောက်ရေးနဲ့ပတ်သက်တဲ့ ကချင်ပြည်နယ်ခရီးစဉ်မှာ ပြည်သူ့ လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) အဖွဲ့ပါ ပူးပေါင်း ပါဝင်ပြီး ငြိမ်းချမ်းရေး ယူထားတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ CRPP အဖွဲ့ အတွင်းရေးမှူး ဦးအေးသာအောင်က RFA ကို ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်အများစုက ပါတီ မှတ်ပုံမတင်ရေး သဘောတူခဲ့ကြပြီးနောက် ရွေးကောက်ပွဲမဝင်ရေး ဆုံးဖြတ်ချက်ကို မတ်လ ၂၉ ရက်တွင် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး (ယာ) နှင့် ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း (ဝဲ) တို့က ရန်ကုန်မြို့ရှိ ဌာနချုပ်ရုံးတွင် သတင်းထောက်များကို ရှင်းလင်း ပြောကြားနေခြင်း ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)
NLD ပါတီရဲ့ ကချင်ပြည်နယ်ခရီးစဉ်မှာ NLD ဗဟို အလုပ်အမူဆောင် ဦးအုန်းကြိုင်။ ဦးအေးသာအောင်နဲ့ အဖွဲ့ဝင်၁၁ ဦး ပါဝင်တာပါ။၊ ဒီကနေ့ မနက်ပိုင်းက မန္တလေးမြို့ တိုင်း ဒုတိယဥက္ကဋ္ဌ ဦးသိန်းလှိုင်ရဲ့ နေအိမ်မှာ ၁၃ မြို့နယ်က အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ ဦးအေးသာအောင်ရဲ့ တင်ပြချက်နဲ့ ဆွေးနွေးပွဲအကြောင်းကို ဦးအုန်းကြိုင်က ခုလို ပြောပါတယ်၊

“NLD ရဲ့ ရှေ့ခရီး၊ ဒီမိုကရေစီခရီးမှာ တိုင်းရင်းသားများနဲ့အတူ လက်တွဲပြီး ပူးပေါင်းဆောင်ရွက် သွားရမယ် ဆိုတဲ့ CRPP ရဲ့ သဘောထား၊ အဲဒီအတွက် ရှေ့ဆက်ပြီး ဘာတွေ ဆက်ပြီး ဆောင်ရွက်မယ် ဆိုတဲ့ သူ့ရဲ့ အစီအစဉ်တွေနဲ့ အဲဒါတွေကို သူက တိုင်းရင်းသားဒေသ လိုက်ပါလာတဲ့အကြောင်း အဲဒါ သူက ပြောပါတယ်။ ကျွန်တော်က ပါတီ ပိုမို ကျစ်လစ် သိပ်သည်းရေးအတွက်၊ နောက် ရွေးကောက်ပွဲ သပိတ်မှောက်ရေး၊ နောက် လှေခွက်မကျန်တောင်မှ NLD ဆိုတာ အလံမလှဲဘူးဆိုတဲ့ စိတ်ဓာတ်နဲ့ ဇွဲနပဲနဲ့ ချီတက်သွားရမယ် ဆိုတဲ့အကြောင်း ကျွန်တော်က ရှင်းလင်း ဆွေးနွေးပါတယ်။”

ဆက်လက်ပြီး မန္တလေးတိုင်း ဥက္ကဋ္ဌ ဦးသိန်းဒန်၊ ဒေါ်အေးအေးမာ၊ ဒေါ်လှလှမိုးနဲ့ ကိုမျိုးညွန့်တို့က ဆွေးနွေးပြီး အဖွဲ့ဝင်တွေရဲ့ မေးမြန်းချက်တွေကို ပြန်လည် ဖြေကြားပါတယ်။ အဖွဲ့ဟာ ဒီကနေ့ ညပိုင်းမှာ ကချင်ပြည်နယ် မိုးညှင်းကို ဆက်ပြီး ခရီးထွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အလားတူ ဦးဟံသာမြင့်၊ ဒေါက်တာမေဝင်းမြင့်၊ ဦးဝင်းမြင့်နဲ့ ဒေါက်တာ မျိုးအောင်တို့ ပါဝင်တဲ့အဖွဲ့ဟာ တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများကို ဒီကနေ့ မနက်ပိုင်းက သွားရောက်နေတယ်လို့ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org