ရေဘေးအကူအညီပေးဖို့ ကုလကိုယ်စားလှယ်ကို တိုက်တွန်း
မြန်မာနိုင်ငံတစ်ဝှမ်းမှာ ရေဘေးအန္တရာယ် ကြုံတွေ့နေရတဲ့ ဒုက္ခသည်တွေကို နိုင်ငံ တကာက အကူအညီတွေပေးဖို့အ တွက် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စား လှယ် Ms. Yanghee Lee ကို အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
-
2015-08-03 -
-
-
မြန်မာနိုင်ငံတစ်ဝှမ်းမှာ ရေဘေးအန္တရာယ်ကြုံတွေ့နေရတဲ့ ဒုက္ခသည်တွေကို နိုင်ငံတကာက အကူအညီတွေပေးဖို့ အတွက် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms. Yanghee Lee ကို အရပ်ဘက်လူမှု အဖွဲ့အစည်းတွေက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
ဒီနေ့ ကုလသမဂ္ဂ UNDP ရုံးမှာ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံရာမှာ တောင်းဆိုလိုက်တာဖြစ်တယ် လို့ တွေ့ဆုံပွဲကိုတက်ရောက်ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
Ms.Yanghee Lee ဟာ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့တွေ့ဆုံရာမှာ ငြိမ်းချမ်းရေး၊ အမျိုးသမီးအရေး၊ တောင်သူ လယ်သမားအရေး၊ အကျဉ်းကျခံနေရတဲ့ လက်ပံတန်းကျောင်းသားအရေး စတဲ့ အကြောင်းအရာတွေခွဲပြီး အဖွဲ့တစ်ဖွဲ့စီနဲ့ သီးခြားတွေ့ဆုံခဲ့တာဖြစ်ပါတယ်။
အမျိုးသမီးအရေးနဲ့ ပတ်သက်ပြီးဆွေးနွေးရာမှာ မျိုးစောင့်ဥပဒေလေးခုထဲက တစ်လင်တစ်မယားစနစ်ကျင့်သုံးရေး ဆိုင်ရာ ဥပဒေကြမ်းကို မပြဌာန်းရေးအတွက် မြန်မာအစိုးရကို တိုက်တွန်းပေးဖို့ တင်ပြခဲ့တယ်လို့ ကချင်ငြိမ်းချမ်းရေး ကွန်ယက်က ဒေါ်ခွန်ဂျာက ပြောပါတယ်။
Ms.Yanghee Lee ဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေတွေကို အစီရင်ခံစာတင်ဖို့အတွက် မနေ့က ရောက်ရှိနေတာဖြစ်ပြီး လာမယ့် သြဂုတ်လ ၇ ရက်နေ့အထိ ၆ ရက်ကြာနေထိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီခရီးစဉ်အတွင်းမှာ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး နဲ့ ပြည်ထောင်စုဝန်ကြီးတွေအပြင် နိုင်ငံတော်သမ္မတရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ဥပဒေရေးရာ အကြံပေးအဖွဲ့တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။