ဖားကန့်မှာ ရန်ပုံငွေတွေကို ဘယ်လို သုံးစွဲနေသလဲလို့ ကချင်လွှတ်တော်မှာမေး
ဖားကန့်မြို့နယ်မှာ ကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးသက်ရောက်မှုကို တာဝန်ခံတဲ့လုပ်ငန်း CSR ရန်ပုံငွေ သုံးစွဲမှု ပွင့်လင်းမြင်သာမှုရှိဖို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ကို လွှတ်တော် ကိုယ်စားလှယ် ဦးလဆိုင်း က ဒီနေ့ လွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။
-
2018-11-28 -
-
-
ဖားကန့်မြို့နယ်မှာ ကျောက်မျက်ရတနာ တူးဖော်တဲ့ လုပ်ငန်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးသက်ရောက်မှုတွေအပေါ် တာဝန်ခံတဲ့လုပ်ငန်း CSR ရန်ပုံငွေ သုံးစွဲမှု ပွင့်လင်းမြင်သာမှုရှိစေဖို့အတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့ကို ဖားကန့်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလဆိုင်း က ဒီနေ့ လွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။
ကချင်ပြည်နယ် အစိုးရအဖွဲ့ အနေနဲ့ CSR ရန်ပုံငွေနဲ့ ဖားကန့်မြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဘယ်နေရာမှာ ဆောင်ရွက်ပေးနေပြီး ဘယ်လိုလုပ်ငန်း အမျိုးအစားနဲ့ ဆောင်ရွက်ပေးနေတာကို ရှင်းလင်းချပြဖို့ အစီအစဉ်ရှိမရှိ မေးမြန်းခဲ့တာဖြစ်ပါတယ်။
သယံဇာတနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး ဝန်ကြီး H လအောင်က CSR ရန်ပုံငွေတွေနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် အစိုးရအနေနဲ့ လုံးခင်း ဖားကန့်နယ်မြေအတွင်း ဥရုချောင်း ထိန်းသိမ်းရေးလုပ်ငန်း ၁၃ ခု ၊ ပညာရေး၊ ကျန်းမာရေးနဲ့ ဖွံ ဖြိုးရေးလုပ်ငန်း ၂၆ ခု မှာ သုံးစွဲနေတာဖြစ်တယ်လို့ ဒီနေ့ လွှတ်တော်မှာ ဖြေကြားခဲ့ပါတယ်။
အဲဒီရန်ပုံငွေဟာ ပြည်သူတွေ ပိုင်ငွေဖြစ်တဲ့အတွက် ပြည်သူရဲ့ ဘဏ္ဍာငွေတွေ အလေအလွင့်မဖြစ်အောင် စနစ်တကျ လုပ်ငန်းအကောင်အထည်ဖော်သွားဖို့နဲ့ ပြည်သူ့ငွေတွေကို တစ်ဦးတစ်ဖွဲ့ထဲကနေ လက်ဝါကြီးအုပ် စီမံခန့်ခွဲတဲ့ ပုံစံမျိုး မဖြစ်စေချင်တဲ့အတွက် မေးမြန်းရတာဖြစ်တယ်လို့ လွှတ်တော် ကိုယ်စားလှယ် ဦးလဆိုင်းက RFA ကိုပြောပါတယ်။
ဒါအပြင် CSR ရန်ပုံငွေနဲ့ သုံးစွဲပြုလုပ်နေတဲ့ ဥရုချောင်း ထိန်းသိမ်းရေးလုပ်ငန်း၊ ပညာရေး ကျန်းမာရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် အစိုးရရဲ့ သီးသန့် ဘတ်ဂျတ်ငွေ ရှိပြီးဖြစ်တဲ့တွက် ကျောက်စိမ်း တူးဖော်တဲ့ကုမ္ပဏီတွေကြောင့် ပျက်စီးသွားတဲ့ ရပ်ကွက်တွေမှာ ငွေကြေး မတတ်နိုင်တဲ့သူတွေရဲ့ နေအိမ် ပြန်လည်ပြုပြင်တာတွေ၊ နစ်နာကြေးအဖြစ် ပေးတာတွေမှာ သုံးစွဲစေချင်တယ်လို့လည်း ပြောပါတယ်။
ဒီ CSR ရန်ပုံငွေဟာ ဖားကန့်ဒေသမှာ လုပ်ငန်းလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေကနေ ထည့်ဝင်ထားတဲ့ရန်ပုံငွေ တွေဖြစ်ပြီး ငွေကျပ် စုစုပေါင်း ၂၄၁၈.၂၆ သန်း ရှိတယ် လို့သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက် ပေးပို့လိုက်တာပါ။