မုန်းတိုင်းကြောင့် ဒီရေလှိုင်းနဲ့ ရေလွှမ်းမိုးမှုတွေ ကြုံတွေ့နိုင်

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း မှာ ဖြစ်ပေါ်နေတဲ့ မဟာစင် ဆိုင်ကလုန်း မုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံဘက်ကို ဦးတည် လာနေတဲ့အတွက် မုန်တိုင်းရောက်ရှိချိန်မှာ ရခိုင်ကမ်းရိုး တန်းနဲ့ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်း ဒေသတလျောက်မှာ မုန်တိုင်းဒီရေလှိုင်းဒဏ်နဲ့ ရေလွှမ်းမိုးမှုတွေ ကြုံတွေ့ ရနိုင်ကြောင်း အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့က ကြေညာ ချက် ထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့ မဟာစင် ဆိုင်ကလုန်းမုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံဘက်ကို ဦးတည်လာနေတဲ့အတွက် မုန်တိုင်းရောက်ရှိချိန်မှာ ရခိုင်ကမ်းရိုးတန်းနဲ့ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်း ဒေသတလျောက်မှာ မုန်တိုင်းဒီရေလှိုင်းဒဏ်နဲ့ ရေလွှမ်းမိုးမှုတွေ ကြုံတွေရနိုင်ကြောင်း အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

မဟာစင်မုန်တိုင်းနဲ့ ပတ်သက်ပြီး မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က RFA ကိုမနေ့က ခန့်မှန်းပြောဆိုခဲ့ပါတယ်။

"ပထမတစ်နေ့ကတော့ နည်းနည်းအားပျော့သွားတယ်၊ မနေ့ကတော့ အားပြန်ပျိုးတယ်၊ အခုလည်းအားရှိတဲ့ မုန်တိုင်းအဆင့်မှာရှိတယ်၊ တစ်နာရီ မိုင် ၆၀၊ ၇၀ နှုန်းလောက် တိုက်နေပါတယ်၊ ကွေ့ပြီးတော့ အရှေ့မြောက်ဘက် နမ်ဖောဝင်မယ့်ပွိုင့်ပေါ့နော်၊ အဲ့ပွိုင့်ကတော့ ဘင်္ဂလားဒေ့ရှ် စစ်တကောင်းမှာပဲ၊ ဒါပေမယ့်သူက သွားရင်းနဲ့ တဖြည်းဖြည်းအားပိုကောင်းလာပြီးတော့ မြန်မာပြည်နဲ့ ဘင်္ဂလားဒေးဘက်ကိုကပ်လာမယ့်အချိန်မှာ လေတိုက်နှုန်း ၁၀၀ ကျော်ထိရှိလာနိုင်ပါတယ်၊ ဒီနေ့မနက်မှာတော့ ကမ်းဝင်မယ့်အချိန်မှာ အားပျော့သွားနိုင်တယ်ဆိုတဲ့ အခြေအနေတွေကို တွေ့ရနိုင်ပါတယ်၊ တနည်းပြောရရင်တော့ နည်းနည်းသက်သာရာ ရနိုင်တယ်လို့တော့ ပြောနိုင်တယ်ပေါ့"

ဒါပေမဲ့ မုန်တိုင်းအခြေအနေဟာ အချိန်နဲ့အမျှ ပြောင်းလဲသွားနိုင်တယ်လို့ ဒေါက်တာဦးထွန်းလွင်က သတိပေး ပါတယ်။

အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ ကြေညာချက်မှာ  ရခိုင်ပြည်နယ်အတွင်း မုန်တိုင်ဒဏ်ခံရနိုင်တဲ့နေရာတွေနဲ့ ဒီရေတက်လာနိုင်တဲ့ နေရာတွေ၊ ကမ်းခြေတလျောက် တဲတွေ၊ ယာယီတဲတွေနဲ့ နေထိုင်နေသူတွေကို လုံခြုံ စိတ်ချရတဲ့ နေရာတွေဆီကို မေလ ၁၄ ရက် ၁၅ ရက်မှာ အမြန်ဆုံး အပြီးပြောင်းရွေ့ဖို့ ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ ဥက္ကဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနဲ့ စီမံခန့်ခွဲမှုကော်မတီ တာဝန်ရှိသူတွေပါဝင်တဲ့ စီမံကွပ်ကဲရေးအဖွဲ့ကို မေလ ၁၄ ရက်နေ့ကစပြီး ရခိုင်ပြည်နယ် အမ်းမြို့မှာ အခြေစိုက်ပြီး အနီးကပ်ကွပ်ကဲသွားဖို့ ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ တပ်မတော်အနေနဲ့လည်း ကမ်းရိုးတန်းဒေသက တိုင်းစစ်ဌာနချုပ်တွေမှာ လေယာဉ်၊ ရဟတ်ယာဉ်၊ သင်္ဘော၊ မော်တော်ယာဉ်တွေနဲ့ လိုအပ်သလို ကူညီနိုင်ရေးအပြင် ဆေးကုသရေးနဲ့ တခြားအထောက်အကူပြုအဖွဲ့တွေဖွဲ့စည်းပြီး ကြိုတင်အသင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

အစိုးရကြေညာချက်မှာ ဖေါ်ပြထားတဲ့ ယာယီတဲတွေနဲ့ နေထိုင်နေသူတွေဆိုတာ ရခိုင်ပြည်နယ်ပဋိပက္ခကြောင့် နေရပ်စွန့်ခဲ့ကြရသူတွေအတွက် ဖန်တီးထားတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေဖြစ်ပြီး မနေ့ကအထိ စစ်တွေမြို့ ဒုက္ခသည်စခန်းက လူငါးထောင့် နှစ်ရာနီးပါး ရွှေ့ပြောင်းပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

AFP သတင်းတစ်ပုဒ်အရ ဒုက္ခသည်စုစုပေါင်း တစ်သိန်းလေးသောင်းလောက်ရှိရာမှာ မြေနိမ့်ပိုင်း ယာယီတဲတွေမှာ နေထိုင်သူ ၇ သောင်းနီးပါးရှိမယ်လို့ ကုလသမဂ္ဂခန့်မှန်းထားပြီး၊ အများစုက မူဆလင်တွေဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာပိုင်တွေက သူတို့ကို စခန်းအနီးဝန်းကျင် အမြင့်ဘက်က မူဆလင်ရွာတွေကို ပြောင်းရွှေ့ခိုင်းပေမဲ့ တချို့က နေရာမပြောင်းရွှေ့ကြပဲ စခန်းအနီးမှာ ဆောက်လုပ်ပေးထားတဲ့ သစ်သားတဲတွေမှာသာ ပြောင်းရွှေ့နေထိုင်ကြကြောင်း AFP က ဖေါ်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org