မုန်တိုင်းဒဏ်ခံအဆောက်အဦး ၈၆ လုံး ဆောက်လုပ်မည်
ဧရာဝတီတိုင်းဒေသကြီးအပါအဝင် တိုင်းနဲ့ ပြည်နယ် ၄ ခုမှာ ဒီနှစ်အတွင်း ငွေကျပ် ၁၆ ဘီလီယံခန့် သုံးစွဲပြီး မုန်တိုင်းဒဏ်ခံတဲ့ အဆောက်အဦး ၈၆ လုံး ဆောက်လုပ်သွားမယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ဒီနေ့ ပြည်သူ့ လွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။
-
2018-01-22 -
-
-
ဧရာဝတီတိုင်းဒေသကြီးအပါအဝင် တိုင်းနဲ့ ပြည်နယ် ၄ ခုမှာ ဒီနှစ်အတွင်း ငွေကျပ် ၁၆ ဘီလီယံခန့် သုံးစွဲပြီး မုန်တိုင်းဒဏ်ခံတဲ့ အဆောက်အဦး ၈၆ လုံး ဆောက်လုပ်သွားမယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။
လွှတ်တော်အစည်းအဝေးမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇံကျော်က ပေါက်တော မြို့နယ် တောင်ပိုင်း ပင်လယ်ကမ်းစပ်မြေနိမ့်ပိုင်းဒေသမှာ မုန်တိုင်းဒဏ်ခံတဲ့ အဆောက်အဦး ၃ လုံးဆောက်လုပ်ပေးဖို့ အစီအစဉ် ရှိ၊ မရှိ မေးမြန်းရာမှာ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ဖြေကြားခဲ့တာဖြစ်ပါတယ်။
"အခုနှစ်မှာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲခွင့် ရန်ပုံငွေနဲ့ ငွေကျပ် ၁၅.၉၇၃ ဘီလီယံအကုန်ခံပြီး မုန်တိုင်းဒဏ်ခံ အဆောက်အဦး ၈၆ လုံးကို တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်၊ ဧရာဝတီတိုင်းဒေသကြီးမှာ ၅၇ လုံး၊ ရခိုင်ပြည်နယ်မှာ ၂၆ လုံး၊ ချင်းပြည်နယ်မှာ ၂ လုံး၊ ရှမ်းပြည်နယ်မှာ ၁ လုံးဖြစ်ပါတယ်"
မုန်တိုင်းဒဏ်ခံတဲ့အဆောက်အဦးတွေကို သာမန်အချိန်တွေမှာ မူကြိုကျောင်း၊ လိုအပ်လာရင် စာသင်ကျောင်း၊ လူငယ်စင်တာ၊ လူထုစုဝေးရာနေရာ အဖြစ် ဘက်စုံသုံးနိုင်မှာဖြစ်တယ်လို့လည်း ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
အဲဒီအဆောက်အဦး ၈၆ လုံးကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေနဲ့ ဆောက်လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲဒီအဆောက်အဦးတွေရဲ့ ခိုင်ခံံ့မှု၊ အဆောက်အအုံပုံစံ၊ နေရာရွေးချယ်မှုတွေကိုလည်း သက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေ နဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရဲ့ ကြီးကြပ်မှုတွေနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။