ဂီရိမုန်တိုင်းဒုက္ခသည် တသိန်းကျော် အိုးအိမ်မဲ့ဖြစ်နေဆဲ
ဆိုင်ကလုန်း ဂီရိဝင်ရောက်ခဲ့တာ ၃ လကြာ ရှိခဲ့ပေမဲ့ ရခိုင်ပြည်နယ်က မုန်တိုင်းဒဏ်ခံထားရတဲ့ ပြည်သူ ၁ သိန်းကျော်အတွက် လုံလောက်တဲ့ ရန်ပုံငွေမရလို့ အိုးမဲ့အိမ်မဲ့ဘဝတွေ ရောက်နေရတယ်လို့ အကူအညီ ပေးနေတဲ့ အရာရှိတွေက ပြောကြပါတယ်။ ဒါ့အပြင် လူအတော်များများအတွက် ဝင်ငွေရနိုင်မဲ့ အလုပ်အကိုင်တွေ မရှိသလို၊ သူတို့မှာ ကြွေးတွေ နစ်နေတယ်လို့ ဆိုပါတယ်။
-
2011-02-03 -
-
-
မုန်တိုင်းအပြီးမှာ နိုင်ငံတကာ အရေးပေါ်ကူညီရေးအဖွဲ့တွေက ဒုက္ခသည်တွေ အဓိက လိုအပ်မဲ့ ပစ္စည်းတွေ ဝေငှခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ဘဝ ရပ်တည်ရေးအတွက် အတော့်ကို ခက်ခက်ခဲခဲ ရုန်းကန်နေရတုန်းပဲလို့ ဆိုပါတယ်။
၂၀၁၁ ဖေဖော်ဝါရီလကနေ ၂၀၁၂ ဇွန်လထိ အဲဒီဒုက္ခသည်တွေအတွက် အမေရိကန်ဒေါ်လာ ၅၇ သန်း လိုအပ်တယ်လို့ ဆိုပေမဲ့ အလှူရှင်နိုင်ငံတွေဆီက ၂၂ သန်းပဲ ရရှိခဲ့တယ်လို့ အကြီးတန်းအရာရှိ တဦးက ပြောပါတယ်။
မုန်တိုင်းသင့် ပြည်သူတွေထဲမှာ ၆၈ ရာခိုင်နှုန်းက သူတို့ လိုအပ်ချက်တွေအတွက် အကြွေးတင်နေပြီး၊ အဲဒီထဲက ၈၅ ရာခိုင်နှုန်းက ဒီနှစ်ထဲမှာ ကြွေးပြန်ဆပ်နိုင်မဲ့ အလားအလာ မရှိဘူးလို့ ကုလသမဂ္ဂ အိမ်ရာ စီမံကိန်းအကြီးအကဲ ဆရီနီဗာဆာ ပိုပူရီ ကပြောပါတယ်။
အခုလတ်တလောမှာ လူပေါင်း ၁ သိန်း ၄ ထောင်လောက် အိုးအိမ်မဲ့နေသလို လာမဲ့ မိုးရာသီအတွက် အခက်အခဲ ဖြစ်မဲ့ အလားအလာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ တာပေါ်လင်နဲ့ အခြား အိမ်ဆောက်ပစ္စည်းတွေ မရတဲ့ မိသားစုပေါင်း ၂ သောင်းကို အိမ်ပြန်ဆောက်ပေးဖို့ ဒေါ်လာ ၁၃ သန်း လိုအပ်တယ်လို့ ဆရီနီ ဗာဆာ ပိုပူရီက ပြောပါတယ်။ အိမ်တွေ ပျက်စီးသွားတဲ့ နောက်ထပ် မိသားစုပေါင်း ၃ သောင်းကတော့ သူတို့ဖာသာ သူတို့ ကြိုးစားပြီး ပြန်ပြင်ရမဲ့ အနေအထား ရှိတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့မှာ တိုက်သွားတဲ့ ဂီရိမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်က မြေပုံ၊ ပေါက်တော၊ ကျောက်ဖြူနဲ့ မင်းပြားမြို့နယ်တွေက ပြည်သူတွေ အတိဒုက္ခ ရောက်ခဲ့ပါတယ်။