ဒဂုံဆိပ်ကမ်းအထည်ချုပ် အလုပ်သမားနဲ့ အလုပ်ရှင် ပြေလည်မှုရ

ရက်သတ္တပတ် နှစ်ပတ်နီးပါးကြာအောင် ဆန္ဒပြခဲ့တဲ့ ရန်ကုန်မြို့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် စက်မှုဇုန် ၁ မှာရှိတဲ့ ဒဂုံဆိပ်ကမ်းအထည်ချုပ်စက်ရုံက အလုပ်သမား ၄၀၀ ကျော်လောက်ဟာ သူတို့ရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး မနေ့က အလုပ်ရှင်နဲ့ ညှိနှိုင်းပြေလည်သွားပြီဖြစ်ပါတယ်။

ဒဂုံဆိပ်ကမ်းအထည်ချုပ်စက်ရုံက အလုပ်သမားတွေ ဆန္ဒပြနေတာကို ဒီဇင်ဘာလ ၅ ရက်နေ့ကတွေ့ရစဉ် Photo: Aung Thain Kha/RFA

ရက်သတ္တပတ် နှစ်ပတ်နီးပါးကြာအောင် ဆန္ဒပြခဲ့တဲ့ ရန်ကုန်မြို့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် စက်မှုဇုန် ၁ မှာရှိတဲ့ ဒဂုံဆိပ်ကမ်းအထည်ချုပ်စက်ရုံက အလုပ်သမား ၄၀၀ ကျော်လောက်ဟာ သူတို့ရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး မနေ့က အလုပ်ရှင်နဲ့ ညှိနှိုင်းပြေလည်သွားပြီဖြစ်ပါတယ်။

တောင်းဆိုထားတဲ့ အချက်တွေ ၉ ချက်လုံးကို မနေ့ကညပိုင်းမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် လာရောက်ပြီး ညှိနှိုင်းပေးတဲ့အတွက် အဆင်ပြေသွားတယ်လို့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် အထည်ချုပ်စက်ရုံ အလုပ်သမားသမဂ္ဂ အလုပ်အမှုဆောင် မဆုမြတ်မိုး က ပြောပါတယ်။

"ဘယ်လိုကြောင့် အဆင်ပြေလဲဆိုတော့ လာညှိပေးတယ်လေ၊ လွှတ်တော်တွေက လာညှိပေးတာ၊ အစတုန်းက သူပေးထားတာက ၇ ထောင် ၄ ထောင် အခုဟာက အခုဟာကနောက်ထပ် ၂ ထောင်လောက်တော့ တိုးပေးတာပေါ့နော်၊ စံချိန်လည်းနာရီ နည်းနည်းပိုပေးတယ်၊ နောက်ပြီးတော့ အလုပ်သမားတစ်ယောက်ကို ဖိအားပေးပြီးတော့ မခိုင်းစေရဘူး အဲလို အချက်တွေရပြီ"

နိုဝင်ဘာလကုန်လောက်မှာ ဖွင့်ခဲ့တဲ့ သပိတ်စခန်းမှာ ဆန္ဒပြအလုပ်သမား ၄၀၀ ကျော်လောက်ပါဝင်ခဲ့ပြီး အလုပ်သမားတွေဟာ လုပ်ငန်းခွင် ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့၊ အလုပ်အသွားအပြန်အတွက် ကြိုပို့ယာဉ် မလုံလောက်တာကို လုံလောက်အောင် စီစဉ်ပေးဖို့နဲ့ လုပ်သက်နှစ်ကြေးပေးဖို့ အပါအဝင် အချက် ၉ ချက် ကို တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

မနေ့က အဲဒီတောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး အလုပ်ရှင်နဲ့ အလုပ်သမားတွေကြားမှာ အမျိုးသား လွှတ်တော် အလုပ်သမားရေးရာ ကော်မတီ ဥက္ကဌ ဦးကျော်ထွေး၊ NLD အလုပ်သမားရေးရာကော်မတီ အတွင်းရေး မှူး ဒေါ်အိရွှေစင်ညွန့်နဲ့ ကော်မတီဝင်တွေက လာရောက် ညှိနှိုင်းပေးခဲ့တာ ဖြစ်ပါတယ်။

နိုဝင်ဘာလအတွက် လစာကို လာမယ့် ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပေးသွားမှာဖြစ်ပြီး သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့တဲ့ ၁၀ ရက်ကိုတော့ လုပ်အားခထုတ်ပေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် အထည်ချုပ်စက်ရုံဟာ ဂျပန်နိုင်ငံအထည်အော်ဒါတွေကို အဓိကထားချုပ်တာဖြစ် ပြီး မြန်မာနိုင်ငံဖွား တရုတ်လူမျိုးပိုင်ဆိုင်တာ ဖြစ်ပါတယ်။

အဲဒီ အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၆၀၀ ကျော် လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org