ရေလှောင်တမံ ၃၆ ခုမှာရေကျော်နေ

တိုင်းဒေသကြီးနဲ့ ပြည်နယ် ၉ ခုက ရေလှောင်တမံ ၃၆ ခုမှာ ရေကျော်နေပေမယ့် စိုးရိမ်စရာ မရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရေလှောင်တမံတခုကို တွေ့ရစဉ်

တိုင်းဒေသကြီးနဲ့ ပြည်နယ် ၉ ခုက ရေလှောင်တမံ ၃၆ ခုမှာ ရေကျော်နေပေမယ့် စိုးရိမ်စရာမရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲဒီထဲမှာ ကြီးအုံကြီးဝနဲ့ မုန်းချောင်းရေလှောင်တမံ နှစ်ခုပဲ ၃ ပေ နဲ့ ၄ ပေရေကျော်နေတာဖြစ်တယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးမျိုးတင့်ထွန်း က ပြောပါတယ်။

"လက်ရှိ ရေကျော်နေတယ်ဆိုတဲ့ ဆည်က စုစုပေါင်း ၃၆ ခုရှိပါတယ်၊ သူတို့ကျော်တယ်ဆိုတဲ့ရေကလည်း တကယ်တမ်းကျတော့ ရေပိုလွှဲကနေ ထွက်နေတာ ဖြစ်တယ်၊ စိုးရိမ်ရတဲ့အနေအထားထိတော့ မရှိသေးပါဘူး၊ အမှတ်ကတော့လေ၊ ၃ ပေကျော်တာတော့ တစ်ခုရှိတယ်၊ မကွေးတိုင်း မုန်းချောင်းရေလှောင်တမံပေါ့၊ ၄ ပေကျော်တာတစ်ခုရှိသေးတယ်ဗျ၊ သူက ကြီးအုံကြီးဝ၊ ကျန်တာတွေ ကတော့ ၁ ပေအောက်တွေများတယ်ဗျ၊ တစ်ပေကျော်တာတွေလည်း ရှိတော့ရှိတာပေါ့။"

ကရင်၊ ချင်း၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မွန်၊ ရခိုင်၊ ရန်ကုန် နဲ့ ဧရာဝတီ စတဲ့ တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေက ရေလှောင်တမံ ၃၆ ခုမှာ အများဆုံး ၄ ပေခွဲအထိ ရေကျော်နေတာ ဖြစ်ပါတယ်။

ရေလှောင်ပမာဏထက် ကျော်တဲ့အမှတ်ကို ရောက်ရှိနေတဲ့ရေတွေဟာ ရေပိုလွှဲတွေကနေ အလိုအလျှောက် စီးဆင်းသွားတာ ဖြစ်တယ်လို့ ဦးမျိုးတင့်ထွန်း က ပြောပါတယ်။

အရင်နှစ်တွေက ဒီအချိန်လောက်ဆို တချို့ဆည်တွေမှာ ၅ ပေ ကနေ ၁၀ ပေလောက်အထိ ရေကျော်မှုတွေ ရှိခဲ့ပေမယ့် ဒီနှစ်မှာ အရင်နှစ်တွေလောက် ရေမတက်သေးဘူးလို့ ပြောပါတယ်။

တိုင်းနဲ့ ပြည်နယ် ၅ ခုမှာ နှစ်လအတွင်း ရေကြီးရေလျှံမှုတွေကြောင့် လယ်ဧက သုံးသိန်းကျော် ရေနစ်မြုပ် ပျက်စီးနေပြီး ကရင်၊ မွန်၊ ပဲခူး နဲ့ တနင်္သာရီ စတဲ့တိုင်းနဲ့ ပြည်နယ် ၄ ခုမှာ ရေဘေးဒဏ်ခံနေရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org