မြစ်ငယ်ရေကာတာစီမံကိန်း ဒေသခံတွေကန့်ကွက်
ရှမ်းပြည်နယ်အတွင်း နမ္မတူမြစ်လို့ခေါ်တဲ့ မြစ်ငယ်မြစ်ပေါ်မှာ ရေကာတာဆောက်လုပ်မယ့်ကိစ္စကို သီပေါမြို့နယ် ဆိုင်းလင်း ကျေးရွာအုပ်စုက ကန့်ကွက်လိုက်ပါတယ်။
-
2019-02-11 -
-
-
■ ရှမ်းပြည်နယ်အတွင်း နမ္မတူမြစ်လို့ခေါ်တဲ့ မြစ်ငယ်မြစ်ပေါ်မှာ ရေကာတာဆောက်လုပ်မယ့်ကိစ္စကို သီပေါမြို့နယ် ဆိုင်းလင်း ကျေးရွာအုပ်စုက ကန့်ကွက်လိုက်ပါတယ်။
ရေအားကနေ လျှပ်စစ်ထုတ်လုပ်မယ့် ရေကာတာတည်ဆောက်ဖို့အတွက် Unienergy ကုမ္ပဏီက ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ်မှာတကြိမ် လာရောက်လေ့လာပြီး၊ ဒီနှစ် ဇန်နဝါရီလ ၂၇ ရက်က နောက်တကြိမ် လာရောက်လေ့လာခဲ့တာလို့ ဆိုင်းလင်းကျေးရွာအုပ်စု ဒေသခံတွေက ပြောပါတယ်။
နားဖြတ်ရွာနဲ့ ဆိုင်းလင်းရွာကြားမှာ ရေကာတာတည်ဆောက်ဖို့လျာထားပြီး၊ မြစ်နဲ့ကပ်လျက်မှာရှိတဲ့ ဆိုင်းလင်း၊ ပိန်းဆာနဲ့ ဆွတ်တွန်းရွာတွေ အရင်ဆုံး ရွှေ့ပြောင်းရမယ်လို့ ရေကာတာစီမံကိန်းကို ဦးဆောင်ကန့်ကွက်တဲ့ စိုင်းဆာလူက ပြောပါတယ်။
ရေကာတာတည်ဆောက်လိုက်ရင် ကျေးရွာ ၂၁ ရွာက ဒေသခံတွေစိုက်ပျိုးနေတဲ့ လိမ္မော်ခြံ၊ ရှောက်ချိုခြံနဲ့ လယ်မြေဧက ၇ ထောင်လောက် ထိခိုက်နိုင်တယ်လို့လည်း ပြောပါတယ်။
ဒီအတောအတွင်း အထက်ရဲရွာ ရေကာတာစီမံကိန်းကနေ ပြင်သစ် နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီ Engie နုတ်ထွက်သွားတဲ့အပေါ် ဒေသခံရှမ်းတိုင်းရင်းသားတွေက ကြိုဆိုလိုက်တဲ့အကြောင်း ရှမ်းပြည်နယ် မြစ်ချောင်းများကွန်ရက်က ဒီနေ့သတင်းထုတ်ပြန်လိုက်ပါတယ်။