အမေရိကန်သတင်းထောက် ဒန်နီဖန်းစတားကို နောက်တစ်မှုထပ်တိုး
ရန်ကုန် မင်္ဂလာဒုံလေဆိပ်မှာ မေ ၂၄ ရက်က ဖမ်းဆီးခံလိုက်ရတဲ့ အမေရိကန် သတင်းထောက် Danny Fenster ကို စစ်ကောင်စီလက်အောက်ခံ တရားရုံးက တပ်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က နဲ့ အမှုဆင်ထားတဲ့အပြင်၊ တရားမဝင် လူစုလူဝေးလုပ်မှုနဲ့ပါ မနေ့က နောက်ထပ်ပုဒ်မတစ်ခု ထပ်တိုးလိုက်ပါတယ်။
- 2021-10-05
-
-
-
ရန်ကုန် မင်္ဂလာဒုံလေဆိပ်မှာ မေ ၂၄ ရက်က ဖမ်းဆီးခံလိုက်ရတဲ့ အမေရိကန်သတင်းထောက် Danny Fenster ကို စစ်ကောင်စီလက်အောက်ခံ တရားရုံးက တပ်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က နဲ့ အမှုဆင်ထားတဲ့ အပြင်၊ တရားမဝင် လူစုလူဝေးလုပ်မှုနဲ့ပါ မနေ့က နောက်ထပ်ပုဒ်မတစ်ခု ထပ်တိုးလိုက်ပါတယ်။
အင်းစိန်အကျဉ်းထောင်ဝင်းထဲက တရားရုံးမှာ မနေ့က အောက်တိုဘာလ ၄ ရက်မှာ ထပ်ပြီးစွဲချက်တင်တယ် လို့ သူ့ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။
Frontier Myanmar သတင်းနဲ့ စီးပွားရေးမဂ္ဂဇင်းရဲ့ အုပ်ချုပ်မှုအယ်ဒီတာ Danny Fenster ဟာ ဖေဖော်ဝါရီ လမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက်၊ မေလထဲမှာ မိသားစုရှိရာ အမေရိကန် ပြည်ထောင်စုကို အပြန်၊ ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံရပြီး အင်းစိန် ထောင်ထဲကနေ အမှုရင်ဆိုင်နေရတာပါ။ အခု နောက်တစ်မှု ထပ်တိုးတဲ့အကြောင်း တရားသူကြီးက ကြေညာပေမယ့် အသေးစိတ်ကို ထုတ်မပြောပါဘူး။
Danny Fenster ဟာ သတင်းထောက်လုပ်ငန်းထက် ကျော်လွန်လုပ်ဆောင်ခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောထားပါတယ်။
ဖန်းစတားကတော့ ထောင်ထဲမှာ စိတ်ပိုင်း၊ ရုပ်ပိုင်းကျန်းမာရေး ထိခိုက်နေတယ်လို့ အစောပိုင်းက သတင်းတွေ ထွက်နေပြီး မိသားစုက စိတ်ပူနေသလို၊ ရန်ကုန်အခြေစိုက် သံရုံးကတောင် တွေ့ခွင့်မရဘူးလို့ သိရပါတယ်။