ဒုတိယ ပင်လုံညီလာခံဟာ ပြည်ထောင်စုရဲ့လိုအပ်ချက်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ဒုတိယ ပင်လုံညီလာခံ ပေါ်ပေါက်ရေးဟာ မုချမသွေ ဆက်လက် ဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်လို့ RFA ကိုဒီကနေ့ ပြောဆိုလိုက် ပါတယ်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်ရုံးတွင် ပြည်သူများအား မိန့်ခွန်းပြောကြားစဉ်။ (Photo: AFP) (Photo: AFP)

“ဒုတိယ ပင်လုံဆိုတာ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စု လိုအပ်ချက် တစ်ခုလို့ ပြောနိုင်ပါတယ်။ ဒါ့ကြောင့် တခြား ဘယ်လို ကိစ္စတွေပဲ ရှိနေရှိနေ ဒီလိုအပ်ချက်ကို လက်လွှတ်စရာ မရှိပါဘူး။ လက်တွေ့ကျကျ လုပ်ပုံလုပ်နည်းတွေနဲ့ ပတ်သက်လို့ စဉ်းစားစရာတွေက အတော်များတာကြောင့်မို့လို့ နှောင့်နှေးနေတာ ဖြစ်ပါတယ်”

RFA က အပတ်စဉ် တင်ဆက်နေတဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် ကဏ္ဍအတွက် သောတရှင်တစ်ဦးရဲ့ မေးခွန်းကို ခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ကျင်းပတဲ့ ဇိုမီး အမျိုးသား ကွန်ဂရက် ၂၂ နှစ် မြောက် အခမ်းအနားမှာ ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ယူရေး ကြိုးပမ်းဖို့ တိုင်းရင်းသားတွေနဲ့ နိုင်ငံရေး အင်အားစု ခေါင်းဆောင်တွေ အပါအဝင် ဒီမိုကရေစီရေး လှုပ်ရှားသူတွေ သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပြီး ကလေးမြို့ ကြေညာစာတမ်းကို ထုတ်ပြန် ခဲ့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org