ဒီမိုကရေစီခရီး ဆုံးခန်းတိုင် ပါဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

တချိန်က ဒီမိုကရေစီအရေးမှာ ပါဝင်ခဲ့ ကြသူတွေ အနေနဲ့ ဒီမိုကရေစီခရီး ဆုံးခန်းတိုင်တဲ့အထိ ဆက်လက်ကြိုးပမ်းကြဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ကျင်းပတဲ့ သူ့ရဲ့ ၆၉ နှစ်မြောက် မွေးနေ့ပွဲအခမ်းအနားမှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ၆၉ နှစ်မြောက် မွေးနေ့အခမ်းအနားကို ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကတည်းက သူမရဲ့ လုံခြုံရေးအဖြစ် တာဝန်ယူပေးခဲ့ကြတဲ့ သုံးရောင်ခြယ်အဖွဲ့ဝင်တွေ စုပေါင်းပြီး ဇွန်လ ၁၇ ရက် ရန်ကုန်မြို့ Dolphin စားသောက်ဆိုင်မှာ ကျင်းပစဉ် Photo: Win Naing/RFA

တချိန်က ဒီမိုကရေစီအရေးမှာ ပါဝင်ခဲ့ကြသူတွေအနေနဲ့  ဒီမိုကရေစီခရီး ဆုံးခန်းတိုင်တဲ့အထိ ဆက်လက် ကြိုးပမ်းကြဖို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ကျင်းပတဲ့ သူ့ရဲ့  ၆၉  နှစ်မြောက် မွေးနေ့ပွဲအခမ်းအနားမှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။

လာမယ့် ဇွန်လ ၁၉  ရက်နေ့မှာ ကျရောက်မယ့် ၆၉  နှစ်မြောက် မွေးနေ့ကို ရန်ကုန်မြို့  ဗဟန်းမြို့ နယ်က Dolphin စားသောက်ဆိုင်မှာ ဒီနေ့ကျင်းပရာမှာ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်က လူတိုင်းနိုင်ငံရေးကို အချိန်ပြည့်မလုပ်နိုင်ကြတော့ပေမဲ့ စီးပွားရေးပဲလုပ်လုပ် လူမှုရေးပဲလုပ်လုပ် နိုင်ငံရေးနဲ့ ဆက်စပ်နေ တာဖြစ်ကြောင်း၊ အားလုံးကတတ်နိုင်တဲ့ဘက်က မဆုံးသေးတဲ့ ဒီမိုကရေစီအရေးအတွက် ဝိုင်းဝန်း ကူညီကြဖို့ကိုလည်း ပြောကြားခဲ့ပါတယ်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကတည်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအဖြစ် တာဝန်ယူပေးခဲ့ကြတဲ့ သုံးရောင်ခြယ်အဖွဲ့ဝင်တွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲကို ကျင်းပခဲ့တာဖြစ်ပြီး နိုင်ငံရေးပါတီက ခေါင်းဆောင်တွေ၊ သတင်းမီဒီယာတွေ၊ နိုင်ငံကျော်အဆိုတော်တွေနဲ့  တိုင်းရင်းသားခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီနေ့မှာပဲ  ဒေါ်အောင်ဆန်းစုကြည်က လှိုင်သာယာမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွင့်လှစ်ထားတဲ့ အမေ့အိမ် ပညာဒါနကျောင်းက ကျောင်းသား၊ ကျောင်းသူတွေနဲ့တွေ့ဆုံပြီး အနာဂါတ်မျိုးဆက်သစ်လူငယ်တွေကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်အောင် လူကြီးမိဘတွေက သင်ကြားပေးဖို့လိုအပ်ကြောင်း  တိုက်တွန်းလိုက်ပါတယ်။

အမေ့အိမ် ပညာဒါနကျောင်းဟာ သူငယ်တန်းကနေ ၁၀ တန်းထိ ကျောင်းသူ၊ ကျောင်းသား ၅၅၀ ကျော်ကို ပညာသင်ကြားပေးနေတာဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး  RFA သတင်းထောက် ကိုကျော်ထွန်းနိုင်ရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org