တူရကီသမ္မတ ဖုန်းခေါ်ဆိုမှုအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လက်ခံဆွေးနွေး
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တူရကီနိုင်ငံသမ္မတ အာဒိုဂန်ရဲ့ ဖုန်းခေါ်မှုအား လက်ခံပြောဆိုပြီး ရခိုင်ပြည်နယ်အရေးကိစ္စကို ဆွေးနွေးကြကြောင်း နိုင်ငံတော်အတုင်ပင်ခံရုံးက မနေ့က သတင်းထုြတ်ပန်ပါတယ်။
-
2017-09-06 -
-
-
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တူရကီနိုင်ငံသမ္မတ အာဒိုဂန်ရဲ့ ဖုန်းခေါ်မှုအား လက်ခံပြောဆိုပြီး ရခိုင်ပြည်နယ်အရေးကိစ္စကို ဆွေးနွေးကြကြောင်း နိုင်ငံတော်အတုင်ပင်ခံရုံးက မနေ့က သတင်းထုြတ်ပန်ပါတယ်။
တူရကီသမ္မတက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် ရခိုင်အရေးကို အမြော်အမြင်ဖြင့် ချဉ်းကပ်ဆောင်ရွက် မယ်လို့ ယုံကြည်ကြောင်း၊ကမ္ဘာတဝှမ်းမှာ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ် လျက်ရှိကြောင်း၊ လူအများဖြန့်ဝေနေသော ရုပ်ပုံများကြောင့် စိုးရိမ်ပူပန်မှုတွေ များလာခဲ့ကြောင်း ပြောပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိတို့အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူအားလုံး၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ သာမက ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် ရေရှည်မျှော်မှန်းကာ ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်တွေကိုလည်း အကောင်အထည်ဖေါ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် တူရကီဒုတိယဝန်ကြီးချုပ်က သတင်းဓါတ်ပုံအမှား ဖြန့်ဝေခဲ့တာကိုလည်း သိရှိပြီးဖြစ်မယ်လို့ ယူဆကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆွေးနွေးပါတယ်။ အဲဒီလို သတင်းဓါတ်ပုံအမှားတွေနဲ့ မတူညီတဲ့ အသိုင်း အဝိုင်းတွေကြား ပြဿနာတွေ ဖြစ်ပွားစေရန်နဲ့ အကြမ်းဖက်သမားတွေ အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်ချက်နဲ့ ဖန်တီးနေကြတယ်ဆိုတာကို မှန်းဆကြည့်နိုင်ကြောင်း၊ တူရကီမှာလည်း အကြမ်းဖက်အဖွဲ့ကို နှိမ်နင်းခဲ့ရတဲ့ အတွက် အကြမ်းဖက်ဝါဒရဲ့ စိန်ခေါ်မှုတွေကို နားလည်မယ်လို့ ယုံကြည်ကြောင်း၊ မြန်မာနိုင်ငံမှာ အကြမ်းဖက် သမားတွေကို ရင်ဆိုင်ရတာဟာ အတွေ့အကြုံသစ်ဖြစ်ပေမယ့် ရခိုင်ပြည်နယ်တခုလုံးကို ပြန့်နှံ့မသွားစေရန် အကောင်းဆုံး ကြိုးပမ်းလျက်ရှိကြောင်း ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
တူရကီသမ္မတ အာဒိုဂန်က မြန်မာအစိုးရ ရင်ဆိုင်နေရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို သိရှိကြောင်းနဲ့ တူရကီအနေနဲ့ ပြဿနာတွေကို ကူညီပံ့ပိုး ဖြေရှင်းရန် အသင့်ရှိကြောင်း နှစ်နိုင်ငံဆက်ဆံရေးကောင်းကို ဆက်လက်ထိန်းသိမ်းထားမယ်လို့ ပြောကြောင်း သိရပါတယ်။