ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဝတ်စုံနဲ့ ရုံးထုတ်

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်က အထူးတရားရုံး မှာ ထောင်ဝတ်စုံနဲ့ ဒီနေ့ ရုံးထုတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တိုင်း ကော့မှူးမြို့မှာ ၂၀၁၅ အောက်တိုဘာ ၂၅ ရက်နေ့က တွေ့ရစဉ်

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်က အထူးတရားရုံးမှာ ထောင်ဝတ်စုံနဲ့ ဒီနေ့ ရုံးထုတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ဒီနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အဂတိအမှု ငါးမှုအတွက် သူအပါအဝင် နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုမြို့တော်ဝန် ဦးရဲမင်းဦးနဲ့ နေပြည်တော်စည်ပင်ကော်မတီဝင် ဦးမင်းသူတို့ကို လူကိုယ်တိုင် ရုံးထုတ်ခဲ့တာပါ။

အဲဒီအထဲက ပုဒ်မတချို့နဲ့ ထောင်ဒဏ်ချမှတ်ခံထားရပြီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာမျိုးအောင် တို့အတွက် ထောင်အာဏာပိုင်တွေက ထောင်ဝတ်စုံတွေ ပေးပို့ခဲ့တာလို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အဖြူရောင်ရင်ဖုံးအင်္ကျီနဲ့ ယောဂီရောင်ထဘီကို ဝတ်ဆင်ထားပြီး ဒေါက်တာ မျိုးအောင် ကတော့ အင်္ကျီအဖြူနဲ့ အပြာရောင်ပုဆိုးကို ဝတ်ဆင်ထားတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီနေ့ ရုံးချိန်းမှာတော့ အဂတိအမှု ငါးခုထဲက တစ်မှုဖြစ်တဲ့ ရန်ကုန်မြို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရုံးချုပ် မြေနေရာအမှုနဲ့ ပတ်သက်လို့ တရားလိုပြသက်သေ နှစ်ဦးကို စစ်ဆေးခဲ့ပါတယ်။

ကျန်လေးမှုကိုတော့ ဒီနေ့မှာ မစစ်ဖြစ်ဘဲ အမှုတွေအားလုံးကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ကို ပြန်လည်ချိန်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များဥပဒေ ပုဒ်မ - ၃ (၁)(ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၅ အပါအဝင် စုစုပေါင်းအမှု ၁၁ ခုနဲ့ ဖမ်းဆီးတရားစွဲခံထားရတာပါ။

အဲဒီအထဲက သဘာဝဘေးစီမံဥပဒေချိုးဖောက်မှု၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (ခ) အမှုတွေအတွက် ထောင်ဒဏ် လေးနှစ် ချမှတ်ခံထားရပြီး စစ်ကောင်စီက ထောင်ဒဏ် နှစ်နှစ် ပြန်လျှော့ပေးထားပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲ မဲမသမာမှု၊ ရဟတ်ယာဉ်ဝယ်ယူမှုနဲ့ ပတ်သက်တဲ့ နောက်တိုးအဂတိအမှု နှစ်ခုနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ကို ထပ်တိုးအရေးယူဖို့ စစ်ကောင်စီဘက်က စီစဉ်နေပါတယ်။

အဲဒီ နောက်တိုးနှစ်မှုကို တရားရုံးကိုစွဲတင်ခံရရင် ဒေါ်အောင်ဆန်းစုကြည်အပေါ်  အာဏာသိမ်းစစ်ကောင်စီက တရားရုံးတင် စွဲဆိုတဲ့အမှုပေါင်း ၁၃ မှုအထိ ရှိလာမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org