ဖွဲ့စည်းပုံဥပဒေပြင်ဖို့ တပ်မတော်နဲ့ လက်တွဲ မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကို တပ်မတော်နဲ့ အတူ လက်တွဲလုပ်ဆောင်သွား မှာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြား လိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့မနက်ပိုင်းက ဂွမ်ဂျူး လူ့အခွင့်အရေးလှုပ်ရှားသူဆုကို လက်ခံရယူစဉ် Photo : NLD (LA) Korea Branch

ဒီကနေ့ မနက် ဆိုးလ်မြို့မှာ ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံစဉ်မှာ အခုလို ပြောကြားခဲ့တာဖြစ်ပြီး  တိုင်းရင်းသားတွေအနေနဲ့ အတိတ်ကိုထားခဲ့ပြီး အနာဂတ်ကို ရှေ့ရှုလုပ်ဆောင်ကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းပြောကြားခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ  ဒေါ်အောင်ဆန်းစုကြည် က မြန်မာနိုင်ငံသားတွေ မေးမြန်းတာတွေကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

ပြည်ပမှာ မွေးဖွားကြီးပြင်းလာတဲ့ကလေးတွေ  မြန်မာပြည်မှာ ပညာဆက်လက် သင်ကြားနိုင်ရေးနဲ့ ပတ်သက်ပြီး မေးမြန်းချက်ကို  ဒေါ်အောင်ဆန်းစုကြည် က လွှတ်တော် ပညာရေးကော်မတီကို တင်ပြပြီးဆောင်ရွက်သွားမယ်လို့ ဖြေကြားသွားကြောင်း သိရပါတယ်။

ဒါ့အပြင် ပြည်ပမှာအလုပ်လုပ်နေကြတဲ့  မြန်မာအလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်ပေးတဲ့ ဥပဒေပြဋ္ဌာန်းဆောင်ရွက်ပေးရေးနဲ့ ပတ်သက်ပြီး နိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေတွေ ဖြစ်လာဖို့လိုကြောင်း၊ မြန်မာသံရုံးတွေအနေနဲ့လည်း  ကိုယ့်နိုင်ငံသားတွေကို ကူညီပေးဖို့လိုကြောင်း၊ သူ့အနေနဲ့ သက်ဆိုင်ရာကို တင်ပြသွားမှာဖြစ်ကြောင်း  ဒေါ်အောင်ဆန်းစုကြည် က ဖြေကြားသွားတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နေ့လယ်ပိုင်းမှာ ဆိုးလ်အမျိုးသားတက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို လက်ခံရယူပြီး၊ အခမ်းအနားမှာ မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ညနေပိုင်းမှာ  မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာလာပြီဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org