ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်ည ဗင်ကူးဗားမှာ ကျင်းပ

ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ မွေးနေ့ အထိမ်းအမှတ်အဖြစ် ကနေဒါနိုင်ငံ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ဖြစ်တဲ့ Pacific Burma Rountable က ဗင်ကူးဗားမြို့မှာ Burma Night For the Lady အမည်ရှိ အခမ်းအနားတရပ် ကျင်းပခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်နှင့် မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသား မိသားစုများအတွက် ရန်ပုံငွေ ရှာဖွေရန်အတွက် ကနေဒါအခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ Pacific Burma Rountable က ၂ဝ၁၁ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် ကျင်းပသည့် Burma Night For the Lady အမည်ရှိ အခမ်းအနား လက်ကမ်းကြော်ငြာ ဖြစ်ပါသည်။ (www.pacificburmaroundtable.ca) www.pacificburmaroundtable.ca

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေနဲ့ နယ်စပ်က ဒုက္ခသည်တွေကို ကူညီနိုင်ရေးကို အလေးထားပြီး ဒီအခမ်းအနား ကျင်းပတာဖြစ်ကြောင်း အခမ်းအနား စီစဉ်ကျင်းပသူ တဦးဖြစ်တဲ့ မကြည်မင်း က ပြောပါတယ်။

မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Pacific Burma Rountable ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကျရောက်တဲ့ နှစ်စဉ် ဒီအချိန်တိုင်း အခမ်းအနား ကျင်းပပြီး ရရှိတဲ့ အလှူငွေတွေကို မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေနဲ့ သူတို့ရဲ့ မိသားစုတွေ၊ ထိုင်း-မြန်မာနယ်စပ်က မြန်မာဒုက္ခသည်တွေနဲ့ မဲဆောက်မြို့က ဒေါက်တ စင်သီယာမောင် ဆေးခန်းကို ပေးပို့လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် အခမ်းအနားမှာ အလှူငွေ အမေရိကန်ဒေါ်လာ ၅ ထောင်ကျော် ရရှိခဲ့ပြီး အလှူငွေတွေ အားလုံးကို AAPP ခေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းကို လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီကနေ့ အခမ်းအနားမှာ အထူး ဧည့်သည်တော်အဖြစ် ဒေါ်အောင်ဆန်းစုကြည်အကြောင်း စာအုပ် ရေးသား ထုတ်ဝေခဲ့တဲ့ သတင်းစာဆရာ တဦးလည်းဖြစ်၊ အရင် ဗုဒ္ဓဘာသာ ရဟန်းဘဝနဲ့ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူလည်း ဖြစ်တဲ့ Alan Clements ၊ ကနေဒါနိုင်ငံက နာမည်ကျော်အနုပညာရှင် တဦးနဲ့ ထိုင်း-မြန်မာ နယ်စပ်ကို မကြာသေးခင်က သွားရောက်ခဲ့တဲ့ Voices of Burma အဖွဲ့ တာဝန်ရှိသူတဦး တို့က ဒုက္ခသည် စခန်းတွင်းက ဒုက္ခသည်တွေနဲ့ ကလေးငယ်တွေရဲ့ အခြေအနေအကြောင်း ရှင်းပြမယ်လို့ သိရပါတယ်။

ဒီအခမ်းအနားနဲ့ ကနေဒါနိုင်ငံသားတွေရဲ့ မြန်မာ့အရေး လှုပ်ရှားမှုတွေအကြောင်း ကနေဒါ မြန်မာ့ မိတ်ဆွေများအဖွဲ့ CFOB က ဦးတင်မောင်ထူးကို မခင်ခင်အိ က ဆက်သွယ်မေးမြန်း တင်ပြထားတာကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org