ဒီမိုကရေစီ မိခင်ကြီးစာအုပ် မဲဆောက်မြို့မှာ စတင်ဖြန့်ချိ

စာရေးဆရာ သန်းဝင်းလှိုင် ရေးသားပြုစုတဲ့ “ဒီမိုကရေစီ မိခင်ကြီး ဒေါ်အောင်ဆန်းစုကြည်” စာအုပ်ကို တနင်္လာနေ့က စပြီး ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှာ စတင် ဖြန့်ဝေမယ်လို့ သတင်းရရှိပါတယ်။

စာရေးဆရာ သန်းဝင်းလှိုင် ရေးသားပြုစုသည့် “ဒီမိုကရေစီ မိခင်ကြီး ဒေါ်အောင်ဆန်းစုကြည်” စာအုပ် မျက်နှာဖုံးပုံ၊ ဒီဇိုင်း- သီဟမောင်မောင်။ (Image: RFA) Image: RFA

ထိုင်း-မြန်မာနယ်စပ်ကို တိမ်းရှောင် ရောက်ရှိလာတဲ့ စာရေးဆရာ သန်းဝင်းလှိုင်က သူ့စာအုပ်ကို အမည်ပေးခဲ့ပုံနဲ့ ပတ်သက်ပြီး RFA ကို ရှင်းပြပါတယ်။

“၈၈ ကနေ ဒီနေ့အထိ ၂၃ နှစ် ကာလမှာ လူထုကို ဦးဆောင်ဦးရွက်ပြုပြီး ပြည်သူလူထုနဲ့ အတူ ဒီမိုကရေစီ တော်လှန်ရေးကြီးမှာ တိုက်ပွဲဝင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျနော်တို့ရဲ့ ဒီမိုကရေစီ မိခင်ကြီးလို့ပဲ ခံယူပါတယ်။ ကျနော်ခံယူသလို လူထုကလည်း ဒီလိုပဲ သတ်မှတ်တာပေါ့။ သမိုင်းမှာ သူက အမျိုးမျိုး အစမ်းသပ်ခံ၊ အမျိုးမျိုး ဖြတ်သန်းလာပြီးတော့ သူ့ရဲ့ စေတနာနဲ့ ကျနော်တို့က မှတ်တမ်းတင်လိုက်တဲ့ သဘောပါပဲ။ အဲဒီတော့ ခေါင်းစဉ်ရွေးတော့လည်း ‘ဒီမိုကရေစီ မိခင်ကြီး ဒေါ်အောင်ဆန်းစုကြည်’ဆိုတဲ့ ဒီခေါင်းစဉ်ကိုပဲ ရွေးလိုက်တာပါ”

စာမျက်နှာ ၂၉ဝ ကျော်ရှိတဲ့ ဒီစာအုပ်မှာ အခန်း ၁၄ ခန်း ပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည် မြန်မာ့နိုင်ငံရေးထဲ ပါဝင်လာပုံ၊ နေအိမ်အကျယ်ချုပ် ကျခဲ့တဲ့ကာလ၊ နဝတ အမျိုးသားညီလာခံ၊ ဒီပဲယင်းလုပ်ကြံမှု၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာပေလက်ရာများ၊ အခု နောက်ဆုံး ပြန်လွတ်လာပုံနဲ့ နိုင်ငံရေးဆောင်ရွက်ချက်များ၊ ဒေါ်အောင်ဆန်းစုကြည် ရခဲ့တဲ့ဆုတွေ၊ အဆိုအမိန့်တွေ စသဖြင့် ဖော်ပြထားပါတယ်။

တနှစ်ခွဲကျော် ပြုစုခဲ့တဲ့ “ဒီမိုကရေစီ မိခင်ကြီး ဒေါ်အောင်ဆန်းစုကြည်” စာအုပ်ကို မဲဆောက်အခြေစိုက် BMC စောနေမင်းက တာဝန်ယူ ထုတ်ဝေတာဖြစ်ပြီး အခမဲ့ ဖြန့်ဝေသွားမှာ ဖြစ်ပါတယ်။

စာအုပ်မျက်နှာဖုံးကို ဒီဇိုင်း-သီဟမောင်မောင်က ဖန်တီးရေးဆွဲထားပြီး ရှေ့ဖုံးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာအနီးကပ်ပုံနဲ့ နောက်ဖုံးမှာ ဒေါ်အောင်ဆန်းစုကြည် ကချင်ဝတ်စုံနဲ့ ပုံကို ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org