ဒေါ်အောင်ဆန်းစုကြည်အမှု နေပြည်တော်မှာ ဒုတိယအကြိမ်မြောက် စစ်ဆေး

စစ်ကောင်စီရဲ့ ပုဒ်မ (၇)ခုနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဇွန်လ ၂၁ ရက် ဒီနေ့ နေပြည်တော်က အထူးတရားရုံးမှာ ဒုတိယအကြိမ်မြောက် ဆက်လက်စစ်ဆေးခဲ့ပါတယ်။

နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ရန်ကုန်မြို့မှာ ၂၀၂၁ မတ်လ ၂ ရက်နေ့က ဆန္ဒပြစဥ်

စစ်ကောင်စီရဲ့ ပုဒ်မ (၇)ခုနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကို ဇွန်လ ၂၁ ရက် ဒီနေ့ နေပြည်တော်က အထူးတရားရုံးမှာ ဒုတိယအကြိမ်မြောက် ဆက်လက်စစ် ဆေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုတွေထဲက ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၂၅)၊ ပို့ကုန် သွင်းကုန် ဥပဒေ ပုဒ်မ (၈) နဲ့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ (၆၇) တို့အတွက် တရားလိုပြသက်သေတွေကို စစ်ဆေးခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

“ရဲမှူး မြင့်နိုင်ကနေပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ ရာဇဝတ်ကြီးမှုအမှတ် ၃၇/ ၂၀၂၁ နဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ (၂၅)အမှုနဲ့ ပတ်သက်ပြီးတော့ တရားလိုပြ သက်သေ ဒုရဲအုပ် လှိုင်ဝင်းကိုပဲ အဓိကစစ်မေးချက်ရော အပြန်အလှန်စစ်မေးချက်ရော ပြီးပါတယ်ရှင့်၊ ရာဇဝတ်ကြီးမှုအမှတ် ၄၅/၂၀၂၁ နဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ(၆၇)အမှုနဲ့ ပတ်သက်ပြီးတော့ ရဲမှူး ကြည်လင်း ကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်ပြီးတော့ တရားလို ပြသက်သေ ဗိုလ်ကြီး အာကာမင်းနိုင်ကို ကျွန်မတို့ စစ်ပါတယ်ရှင့်၊ စစ်တဲ့အခါမှာတော့ နှစ်ဖက်စလုံး အဓိကစစ်မေးချက်ရော အပြန်အလှန်စစ်မေးချက်ရော ပြီးပါတယ်ရှင့်၊ ဆက်လက်ပြီးတော့မှ ရဲမှူး ကြည်လင်း ကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ ရာဇဝတ်ကြီးမှုအမှတ် ၃၈/၂၀၂၁ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ (၈)နဲ့ပတ်သက်ပြီးတော့ တရားလိုပြ ဗိုလ်ကြီး အာကာမင်းနိုင်ကိုပဲ ဆက်ပြီးစစ် ပါတယ်ရှင့်”

ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုတိုင်းကို ဂရုတစိုက်နားထောင်ပြီး အမှုထွက်ချက်တွေမှာ ဘယ်လိုလေး လွဲနေတယ်၊ ဘယ်ထွက်ချက်တွေကိုတော့ ဘယ်လိုလေး လုပ်စေချင်တယ်ဆိုတာကို သေချာပြောတယ်လို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ(၈)၊ ဆက်သွယ်ရေးပုဒ်မ(၆၇)၊ နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှုကို ပျက်ပြားအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(ခ)၊ နိုင်ငံတော် သစ္စာဖောက်မှုနဲ့ ပတ်သက်ပြီး သတင်း ထိန်ချန်မှု ပုဒ်မ(၁၂၄) ရဲ့ ပုဒ်မခွဲ(က) ဖြစ်တဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ(၂၅)၊ အဂတိလိုက်စားမှုပုဒ်မ(၅၅) နဲ့ ပုဒ်မ (၆၃) အပါအဝင် စုစုပေါင်းအမှု (၇) ခုနဲ့ စွဲချက်တင် ထားပါတယ်။

စစ်ကောင်စီဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန် စုကြည်ကို ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ပုဒ်မ ၄ ခုနဲ့ ဖမ်းဆီးတရားစွဲဆိုခဲ့ပြီး ဧပြီလ ၁၂ ရက် နေ့မှာ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ ထပ်တိုးခဲ့သလို စစ်ကောင်စီရဲ့ ဇွန် ၁၀ ရက်ထုတ်ပြန်ချက် အရ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နေပြည်တော် မြို့တော်ဝန်ဖြစ်တဲ့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနဲ့ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးမင်းသူတို့ကိုပါ လရောင်တော စိုက်ပျိုးသက်မွေး ပညာသင်တန်းကျောင်း စီမံကိန်းအမှုမှာ ပါဝင်ပတ်သက် ခဲ့တဲ့အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅၊ ပုဒ်မ (၆၃) တို့နဲ့ အမှုဖွင့်ထားတယ်လို့ ထပ်မံ ဖော်ပြခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ စုစုပေါင်းပုဒ်မ ၆ ခုနဲ့ အမှု ၇ မှု ရှိနေပြီဖြစ်ပါတယ်။

"ပြည်သူတွေကို ကျန်းမာပါစေ ဆိုပြီးတော့လည်း ဆုတောင်းပေးပါတယ်ရှင့်၊ ကျန်းမာရေးကတော့ ကောင်းပါတယ်ရှင့်"

ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့ကစပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ)နဲ့ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ (၂၅) အတွက် နေပြည်တော်က အထူးတရားရုံးမှာ စတင် စစ်ဆေးခဲ့တာပါ။

ဒီအမှုတွေအားလုံးကို ၆ လအတွင်း အပြီးသတ်စစ်ဆေးဖို့ စစ်ကောင်စီက စီစဉ်နေပြီး၊ အမှု (၇) ခုထဲက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)နဲ့ ပတ်သက်တဲ့အမှုတစ်ခုပဲ ရန်ကုန်မှာဖြစ်ပြီး ကျန် (၆)ခုကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်က သီးသန့်တရားရုံးမှာ အပတ်စဉ် တနင်္လာနဲ့ အင်္ဂါနေ့တိုင်း စစ်ဆေးနေတာ ဖြစ်ပါတယ်။

ဇွန်လ ၁၉ ရက်နေ့က ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၆ နှစ်မြောက် မွေးနေ့အတွက် တစ်နိုင်ငံ လုံးက ဆုတောင်းပေးတဲ့အကြောင်းကို သေချာပြောပြလိုက်တဲ့အပေါ် ပြည်သူတွေကို ကျေးဇူးတင်ကြောင်းနဲ့ အားလုံးကျန်းမာစေကြောင်း ပြောတယ်လို့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

“မွေးနေ့ဖြတ်သန်းခဲ့ပုံလေးကိုတော့ မမေးဖြစ်ပါဘူးရှင့်၊ ဒါပေမဲ့ အမေ့မွေးနေ့နဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေ အားလုံးက ဆုတောင်းပေးနေကြပါတယ်လို့ သတင်းစကားပါးလိုက်တဲ့အခါမှာ ပြည်သူတွေ အားလုံးကို ကျေးဇူတင်ပါတယ်လို့တော့ အမေက ပြောပါတယ်ရှင့်၊ ပြည်သူတွေကို ကျန်းမာပါစေ ဆိုပြီး တော့လည်း ဆုတောင်းပေးပါတယ်ရှင့်၊ ကျန်းမာရေးကတော့ ကောင်းပါတယ်ရှင့်၊ တော်တော်ကောင်း ကောင်းမွန်မွန်ပါပဲ၊ ဦးဝင်းမြင့်လည်း ကောင်းမွန်ပါတယ်ရှင့်၊ ဒီနေ့ကတော့ ဦးဝင်းမြင့်နဲ့ အမေနဲ့ နှစ်ယောက်ပဲ တွေ့ရပါတယ်ရှင့်၊ မနက်ဖြန်ကျမှ သုံးဦး တွေ့ရမှာပါရှင့်”

ဒေါ်အောင်ဆန်းကြည် နေအိမ်အတွက် အိမ်သုံးစားနပ်ရိက္ခာတွေ ပို့ပေးတာလည်း အဆင်ပြေကြောင်းနဲ့ လက်ထဲမှာ သိမ်းထားချင်တဲ့ ပိုက်ဆံ သိန်း ၅၀ ပေးလို့မရသေးတာကိုလည်း အဆင်ပြေအောင် စီစဉ်ပေးဖို့ ထပ်ပြီးပြောဆိုထားတယ်လို့လည်း ဆိုပါတယ်။

အမှုမစစ်ဆေးခင်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နာရီဝက်နီးပါးသာ တွေ့ခွင့်ရတဲ့အပေါ် အခုထက်အချိန် ပိုရအောင် ရှေ့နေတွေစုပြီး တောင်းဆိုသွားမယ်လို့လည်း ဒေါ်မင်းမင်းစိုးက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းတဲ့နေ့ စဖမ်းပြီးကတည်းက အွန်လိုင်း ဗီဒီယိုစနစ်နဲ့ပဲ ရုံးထုတ်ခဲ့ ပြီးနောက် မေလ ၂၄ ရက်နေ့မှာမှ နေပြည်တော် ကောင်စီဝင်းထဲက အထူးပြုလုပ်ထားတဲ့ တရားရုံးမှာ ပထမဆုံးအကြိမ် လူကိုယ်တိုင်ရုံးထုတ်ပြီး ရှေ့နေတွေနဲ့ တွေ့ခွင့်ပေးခဲ့တာဖြစ်ပါတယ်။

(ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် လွတ်မြောက်ရေး ရန်ကုန်မှာ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ဆန္ဒပြစဉ်)

ဒီကနေ့မှာပဲ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကိုလည်း သူ့ကိုစွဲဆိုထားတဲ့အမှုတွေထဲက ဘေးအန္တရာယ် စီမံ ခန့်ခွဲမှု ပုဒ်မ (၂၅)အတွက် တရားလိုပြသက်သေ ဒုရဲအုပ် လှိုင်ဝင်းနဲ့ ဇေယျသိဒ္ဓိရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်တို့ကို ဒီကနေ့မှာပဲ စစ်ဆေးခဲ့တယ်လို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြားခေါင်းဆောင်တွေကို စစ်ကောင်စီက အပြစ်မရှိပါဘဲ မတရား ဖမ်းဆီးပြီး၊ ပုဒ်မအမျိုးမျိုးနဲ့ အမှုဆင် လုပ်ကြံစွပ်စွဲထားသလို စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ တရားရုံး တွေဟာလည်း တရားဝင် တရားရုံးတွေ မဟုတ်ဘူးလို့ ဇွန်လ ၁၆ ရက်ရက်နေ့ ကြေညာချက် ထုတ်ပြန် ထားပါတယ်။

ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ (၈)အတွက် အမြင့်ဆုံးထောင်ဒဏ် သုံးနှစ်၊ ဆက်သွယ်ရေးပုဒ်မ (၆၇)အတွက် အမြင့်ဆုံးထောင်ဒဏ် တစ်နှစ်၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) အတွက် အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်၊ နိုင်ငံတော် သစ္စာဖောက်မှုနဲ့ ပတ်သက်ပြီး သတင်းထိန်ချန်မှု ပုဒ်မ ၁၂၄ ရဲ့ ပုဒ်မခွဲ (က) ဖြစ်တဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှှုအတွက် အမြင့်ဆုံးထောင်ဒဏ် တစ်သက်တကျွန်း၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၂၅) အတွက် အမြင့်ဆုံးထောင်ဒဏ်က သုံးနှစ်၊ အဂတိလိုက်စားမှု ပုဒ်မ (၅၅)အတွက် အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်နဲ့ ပုဒ်မ (၆၃) ကလည်း ၁၅ နှစ်ချမှတ်နိုင်တဲ့အတွက် အမှု အားလုံးကိုသာ စစ်ကောင်စီက အမြင့်ဆုံးပြစ်ဒဏ်ပေးခဲ့ရင် စုစုပေါင်းထောင်ဒဏ် ၃၉ နှစ်အပြင် တစ်သက် တကျွန်းပါ ပါဝင်နေပါတယ်။

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org