မနော်ဒါးခူ ကို ဒေါ်အောင်ဆန်းစုကြည် ချီးကျူးဂုဏ်ပြု
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ဇွန်လအတွက် ချီးကျူး ဂုဏ်ပြုထိုက်သူအဖြစ် မွေးရာပါ လက်နှစ်ဖက်မပါပေ မယ့် ခြေထောက်နဲ့ စာရေးပြီး ဒီနှစ် ဆယ်တန်းစာမေးပွဲ ကို အောင်မြင်ခဲ့တဲ့ ကယားပြည်နယ် လွိုင်ကော်က မနော်ဒါးခူ ကို ရွေးချယ်လိုက်ပါတယ်။
-
2016-07-06 -
-
-
Your browser doesn’t support HTML5 audio
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇွန်လအတွက် ချီးကျူးဂုဏ်ပြု ထိုက်သူအဖြစ် မွေးရာပါ လက်နှစ်ဖက်မပါပေမယ့် ခြေထောက်နဲ့ စာရေးပြီး ဒီနှစ် ဆယ်တန်း စာမေးပွဲကို အောင်မြင်ခဲ့တဲ့ ကယားပြည်နယ် လွိုင်ကော်က မနော်ဒါးခူ ကို ရွေးချယ်လိုက်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဂုဏ်ပြုတဲ့အတွက် မိမိအနေနဲ့ ဝမ်းသာကြောင်းနဲ့ ပညာမတတ်တဲ့ သက်ကြီး ရွယ်အိုတွေနဲ့ ပညာမသင်နိုင်တဲ့ ကလေးတွေကို စာသင်ပေးနိုင်အောင် ကြိုးစားသွားမယ်လု့ိ မနော်ဒါးခူ က ပြောပါတယ်။
"အရမ်းဝမ်းသာပါတယ်ရှင့်၊ သမီးရဲ့ အနာဂတ်မှာလည်း သမီးတက္ကသိုလ် ဆက်တက်ပြီးတော့ ဘွဲ့တစ်ခု ရခဲ့လို့ရှိရင် စာမသင်နိုင်တဲ့ ကလေးတွေ၊ စာမတတ်သေးတဲ့ လူကြီးသူမလေးတွေကို ပြန်ပြီးတော့ ကိုယ်တတ်မြောက်ထားတဲ့ ပညာတွေနဲ့ ပြန်လည်ပို့ချပေးချင်တာပေါ့"
မနော်ဒါးခူဟာ ကယားပြည်နယ် လွိုင်ကော်မြို့နယ်က ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှာ နေထိုင်သူဖြစ်ပြီး ဖခင်ဖြစ်သူဟာ အမှတ် ၅၄ ခြေလျင်တပ်ရင်းက တပ်ကြပ်တစ်ဦးဖြစ်ပါတယ်။ ဆယ်တန်းစာမေးပွဲကို ၂ ကြိမ် ကျရှုံးခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှာ အောင်မြင်ခဲ့တာဖြစ်ပါတယ်။
ဒီနေ့ဟာ မနော်ဒါးခူ ရဲ့ အသက် ၂၀ နှစ်ပြည့် မွေးနေ့ဖြစ်ပြီး သူ ဆယ်တန်းအောင်မြင်ခဲ့တဲ့ အမှတ် ၁ အခြေခံ ပညာအထက်တန်းကျောင်းက သူ့ကို ဂုဏ်ပြုပွဲကျင်းပပေးတဲ့နေ့လည်း ဖြစ်ပါတယ်။
မနော်ဒါးခူဟာ ကျောင်းနေစဉ်မှာ ပြင်ပကျူရှင် တက်ရောက်နိုင်ခြင်းမရှိခဲ့ဘဲ မွေးရာပါ ကိုယ်အင်္ဂါချို့တဲ့ သူဖြစ်ပေမယ့် ဘဝကို အရှုံးမပေးဘဲ အများနည်းတူ ပညာသင်ကြား အောင်မြင်ခဲ့ကြောင်းနဲ့ မသန်စွမ်း လူငယ်တွေအတွက် အားကျအတုယူဖွယ်ရာ ပြယုဂ်တစ်ခုဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် နိုင်ငံတော်တည်ဆောက်ရာမှာ လူငယ်တွေရဲ့ စာရိတ္တ၊ တွေးခေါ်မျှော်မြင်နိုင်မှုနဲ့ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုတို့ လိုအပ်ကြောင်း လူငယ်တွေရဲ့ စွမ်းအားရင်းမြစ်ဟာ မကုန်ခမ်းနိုင်တဲ့ နိုင်ငံရဲ့ သယံဇာတဖြစ်ကြောင်း လည်း ဖောြ်ပထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လူမှုရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ရန်ကုန် အခြေစိုက် ရှင်သန်ရေးလူမှုကူညီရေးအသင်းကို ပြီးခဲ့တဲ့မေလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ် ခဲ့ပါတယ်။
မနော်ဒါးခူ ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။