ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို လေလံတင်ရောင်းချဖို့ တရားရုံးဆုံးဖြတ်
ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို ကြမ်းခင်းစျေး ကျပ်သိန်းပေါင်း သုံးသန်းကျော်နဲ့ လေလံတင်ရောင်းချဖို့ ကမာရွတ်ခရိုင်တရားရုံးက အမိန့်ချလိုက်ပါတယ်။
-
RFA Burmese
2024-01-25 -
-
-
ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း အမှတ် (၅၄) မှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို ကြမ်းခင်းစျေး ကျပ်သိန်းပေါင်း သုံးသန်းကျော် (အမေရိကန်ဒေါ်လာ သန်း ၉၀ ခန့်) နဲ့ လေလံတင်ရောင်းချဖို့ ရန်ကုန်တိုင်း ကမာရွတ်ခရိုင်တရားရုံးက ဇန်နဝါရီလ ၂၅ ရက် ဒီနေ့မှာ အမိန့်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
လာမယ့် မတ်လ ၂၀ ရက်နေ့မှာ ကြမ်းခင်းစျေး ကျန်သိန်းပေါင်း သုံးသန်းတစ်သိန်းငါးသောင်းနဲ့ လေလံပစ် ရောင်းချဖို့ အမိန့်ချခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက RFA ကို ပြောပါ တယ်။
“အရင်အမိန့်ချထားပြီးသားဖြစ်တဲ့ လေလံပစ်ပြီး ထုခွဲရောင်းချပြီးမှ ပိုက်ဆံကို ခွဲဝေယူဖို့ပေါ့နော်။ အခုက အဲဒီအမိန့်ကို အကောင်အထည်ဖော်တာပေါ့။ လေလံကြမ်းခင်းစျေးကို အမိန့်ချပေးတယ်။ ဘယ်နေ့မှာ စတင် လေလံတင်ပြီး ရောင်းချမယ်ဆိုတာကို သတ်မှတ်ပေးတာပေါ့”
အမှတ် (၅၄) မှာရှိတဲ့ နေအိမ်နဲ့ ခြံဝင်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ အမွေဆိုင်ခွဲဝေမှုနဲ့ ပတ်သက်ပြီး ကာလကြာရှည် အငြင်းပွားနေခဲ့ပြီး ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့ကတော့ ဦးအောင်ဆန်းဦးရဲ့ အထူးအယူခံကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အနိုင်ပေးခဲ့တာပါ။
အဲဒီအိမ်ဟာ ၁၉၄၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရလို့ ကွယ်လွန်ပြီးနောက်မှာ သူ့ရဲ့ ဇနီး ဒေါ်ခင်ကြည်နဲ့ မိသားစုနေထိုင်ဖို့ နိုင်ငံတော်အစိုးရက ချီးမြှင့်ခဲ့တဲ့အိမ် ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရလက်ထက်က နေအိမ်အကျယ်ချုပ်ချထားခံရတဲ့ ၁၅ နှစ်နီးပါးကာလတစ်လျှောက် အဲဒီနေအိမ်မှာပဲ နေထိုင်ခဲ့ရတာဖြစ်ပြီး နိုင်ငံတကာက အထင်ကရခေါင်းဆောင်တွေ လာရောက်ခဲ့ဖူးတဲ့နေရာလည်း ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ အဲဒီနေအိမ်ကို အမျိုးသားအဆင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားပြီး ရွှေ့ပြောင်း၊ ပြင်ဆင်ရောင်းချဖို့ ကြံစည်သူတွေကို ဥပဒေအရ အရေးယူမယ်လို့ ကြေညာထားပါတယ်။
လက်ရှိမှာတော့ အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီစွပ်စွဲတဲ့ အမှု (၁၉) မှုအတွက် ထောင် (၂၇) နှစ်နဲ့ အကျဉ်းချခံထားရပါတယ်။