ပြည်သူနဲ့ ထပ်တူကျလို့ NLD အနိုင်ရကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြောဆို

ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက နေရာအများစု အနိုင်ရနေတာဟာ ပါတီအနေနဲ့ ပြည်သူထဲက ပေါက်ဖွား လာတာဖြစ်ပြီး၊ ပြည်သူအတူ ခံစားခဲ့၊ ရုန်းကန်ခဲ့လို့၊ ပြည်သူ နဲ့ အိပ်မက်ချင်း၊ ရင်ခုန်သံချင်း ထပ်တူကျလို့ ဖြစ်ပါတယ် လို့ ဒေါ်အောင်ဆန်းစုကြည်က RFA ကိုပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ငှက်အော်စန်းကျေးရွာ အမှတ် ၁ မဲရုံကို နိုဝင်ဘာလ ၈ ရက်နေ့က ရောက်ရှိလာစဉ် Photo: Khin Maung Soe/RFA

ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက နေရာအများစု အနိုင်ရနေတာဟာ ပါတီအနေ နဲ့ ပြည်သူထဲက ပေါက်ဖွားလာတာဖြစ်ပြီး၊ ပြည်သူအတူ ခံစားခဲ့၊ ရုန်းကန်ခဲ့လို့၊ ပြည်သူနဲ့ အိပ်မက်ချင်း၊ ရင်ခုန်သံချင်း ထပ်တူကျလို့ ဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က RFA ကိုပြောပါတယ်။

RFA က နှစ်ပတ်တစ်ကြိမ် ထုတ်လွှင့်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ် အတွက် မေးမြန်းရာမှာ ဖြေကြားခဲ့တာပါ။

အခုလို လွှတ်တော်တွေမှာ နေရာအများစု အနိုင်ရခဲ့တဲ့NLD အနေနဲ့ ဦးဆုံးပထမ ဆောင်ရွက်မယ့် ကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်က အခုလိုဖြေကြားခဲ့ပါတယ်။

"အုပ်ချုပ်ရေးအပြောင်းအလဲဖြစ်အောင် လုပ်ရမှာပေါ့နော်၊ ဒါကရွေးကောက်ပွဲရဲ့ရလဒ်ကို အကောင် အထည်ဖော်ခြင်း၊ ပြည်သူရဲ့ ရွေးကောက်ပွဲကနေတဆင့် ထုတ်ဖော်ခဲ့တဲ့ဆန္ဒကို လေးစားပြီးတော့ လိုက်နာပြီးတော့ အကောင်အထည်ဖော်ခြင်း ဆိုတာကတော့ ဒါပထမဆုံး အကြီးဆုံးပြောင်းလဲ မှုကြီး ဖြစ်ပါလိမ့်မယ်"

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါ -

"မိမိရဲ့ကုမ္ပဏီတွေ မိမိရဲ့စီးပွားရေးလုပ်ငန်းရှင်တွေကရောပေါ့၊ အလကားလုပ်ပေးမှာ မဟုတ်ဘူးလေ၊ အကျိုးအမြတ် မျှော်ကိုးပြီးလုပ်ပေးမှာပဲ၊ အဲ့ဒီတော့ အလကားလုပ်ပေးဖို့လည်း ကျမတို့ မမျှော်လင့်ပါဘူး၊ ဒါပေမဲ့လည်း ကိုယ့်ရဲ့ပြည်သူအတွက်လည်း အကျိုးအမြတ်ရှိရမယ်၊ လုံလုံလောက်လောက် ပြောရမယ် ဆိုလို့ရှိရင် နိုင်ငံခြားကလာပြီးတော့ ရင်းနှီးတဲ့ကုမ္ပဏီတွေနဲ့ ပြည်သူတွေနဲ့ဆိုရင် ပြည်သူတွေက နည်းနည်းတော့ အနည်းဆုံးတော့ ပိုပြီးတော့ အကျိုးရှိရမှာပေါ့၊ တန်းတူအောက်ကတော့ လုံးဝမလျော့စေရဘူး"

အမေး အဖြေ အသေးစိတ်ကို ဦးခင်မောင်စိုး စီစဉ်တဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org