ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်ဝန်ကြီးချုပ် ဒီကနေ့ ဆွေးနွေးမယ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်ဟာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ ဖိတ်ကြားချက် အရ ဂျပန်နိုင်ငံကို မနေ့ညနေက ရောက်ရှိသွားပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့ကို နိုဝင်ဘာလ ၁ ရက်နေ့က ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရစဉ် Photo: Myanmar State Counsellor Office

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံကို မနေ့ညနေက ရောက်ရှိသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်ဝန်ကြီးချုပ် အာဘေးနဲ့ ဒီကနေ့တွေ့ဆုံပါလိမ့်မယ်။ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ စီးပွားရေးဆိုင်ရာ ထောက်ပံ့ မှုတွေကို ဆွေးနွေးမယ်လို့ မျှော်လင့်ရကြောင်း ဂျပန်အရာရှိတဦးက ပြောပါတယ်။

ငါးရက်ကြာခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကီရှီးဒါနဲ့ ဂျပန်လုပ်ငန်းရှင်တွေ အပြင် ဂျပန်ရောက် မြန်မာနိုင်ငံသားတွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်သလို တကြိမ်က သူမနေထိုင်လေ့လာခဲ့တဲ့ ကျိုတိုတက္ကသိုလ်ကိုလည်း သွားရောက်လည်ပတ်ပါလိမ့်မယ်။

မြန်မာနိုင်ငံသားတွေနဲ့ ဒီကနေ့ တွေ့ဆုံမယ့်အခမ်းအနားကို တက်ခွင့်မရတဲ့ မြန်မာရာပေါင်းများစွာက ပွဲစီစဉ်တဲ့ တိုကျိုမြန်မာသံရုံးက အရာရှိတွေကို ပြစ်တင်နေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စုကို စက်တင်ဘာလအတွင်း လာရောက်ခဲ့စဉ်ကလည်း နယူးယောက်မြို့မှာ မြန်မာအများစုနဲ့ တွေ့ခွင့်မရတဲ့အတွက် ပွဲစီစဉ်သူ မြန်မာသံတမန်တွေကို ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org