ဒေါ်အောင်ဆန်းစုကြည် ကော့သောင်းမြို့ သွားမည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌနဲ့ ကော့မှူး မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ကို သွားရောက်မယ်လို့ စုံစမ်းသိရပါတယ်။
-
2012-12-17 -
-
-
ကော့မှူးမြို့နယ်သို့ ဒီဇင်ဘာ ၁၁ ရက်နေ့က သွားရောက် စဉ် ဒေသခံပြည်သူတွေကို တွေ့ဆုံနှုတ်ဆက်နေစဉ်
Photo: RFA/Sai Htun Aung Lwin
ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲကာလအတွင်းက တနင်္သာရီ တိုင်းဒေသကြီး မဲဆွယ်စည်းရုံးရေးခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေး အခြေအနေကြောင့် ကော့သောင်းမြို့ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရတဲ့အတွက် အခုလို ပြန်လည် သွားရောက်တာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော့သောင်းခရီးစဉ်အတွင်းမှာ ကော့သောင်းဒေသခံ ပြည်သူတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေနဲ့ အဓိက တွေ့ဆုံသွားမှာဖြစ်တဲ့ အပြင် တစ်ခြားသော အဖွ့ဲအစည်းတွေ၊ ပုဂ္ဂိုလ်တွေကိုလည်း တတ်နိုင်သလောက် ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံသွားဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။
ပြည်သူ့လွှတ်တော် အစည်းအဝေးတွေ လတ်တလော ရပ်နားထားချိန်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကြားဖြတ် ရွေးကောက်ပွဲကာလက ဖျက်သိမ်းခဲ့ရတဲ့ မကွေးတိုင်းဒေသကြီး ခရီးစဉ်ကိုလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ ရက်နေ့က သွားရောက်ခဲ့ပါသေးတယ်။