ကိုရိုနာအန္တရာယ်ရှိပေမယ့် ဒေါ်အောင်ဆန်း စုကြည် လူထုတွေ့ဆုံမှု ဆက်တိုက်လုပ်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တပ်မတော်နေ့အခမ်းအနား၊ အကယ်ဒမီဆုပေးပွဲတွေကို မကျင်းပဖို့ ဆုံးဖြတ်ထားကြပေမယ့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကတော့ တစ်မြို့ပြီးတစ်မြို့ လူထုတွေ့ဆုံမှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ‌ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ကို ‌၂၀၂၀၊ မတ် ၁၀ ရက်နေ့က ရောက်ရှိလာစဉ် ဓာတ်ပုံ - ကံသာ/ RFA

တစ်ကမ္ဘာလုံးက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှာကြောက်လန့်လို့ ပွဲကျင်းပတာကို ဖျက်သိမ်းကြပေမယ့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာမှာ တစ်မြို့ပြီး တစ်မြို့ လူထုတွေ့ဆုံပွဲတွေ ဆက်တိုက်လုပ်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ မတ်လ ၁၀ ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့နယ် လူထုတွေ့ဆုံပွဲ လုပ်ခဲ့ပါတယ်။ ပွဲကို လူနှစ်ထောင်ဝန်းကျင် တက်ရောက်ကြပါတယ်။ ပွဲကို သွားရောက်သတင်းသွားယူခဲ့တဲ့ လားရှိုးအခြေစိုက် RFA သတင်းထောက် ကိုကံသာကို RFA က ဆက်သွယ်မေးမြန်းထားပါတယ်။

“လူထုတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လူထုနဲ့တွေ့ပြီး လက်ဆွဲနှုတ်ဆက်တာမျိုးမလုပ်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက အကြံပေးထားလို့ ပြည်သူလူထုကို အားနာတယ်လို့ပြောခဲ့ပါတယ် ခင်ဗျာ”

ကိုကံသာ ပြောပြသွားတာပါ။

ကျန်းမာရေးဝန်ကြီးဌာနကတော့ လူစုလူဝေးတွေ ပွဲလမ်းတွေ မလုပ်ဖို့ ဆက်တိုက်ဆိုသလို ထုတ်ပြန်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ရောဂါပိုးကူးစက်ခံရမှာစိုးလို့ လူထုနဲ့ လက်ဆွဲနှုတ်တာမျိုးမလုပ်ဖို့ပြောပေမယ့် ပွဲတက်လာသူက ၂၀၀၀ ထောင်ရှိတာမို့လို့ တစ်ဦးနဲ့တစ်ဦး နီးကပ်တဲ့အနေအထားမှာလည်း ရှိနေတာပါ။

လူထုတွေ့ဆုံပွဲဆိုပေမယ့် မေးမြန်းချင်တာတွေ မရဘူးလို့ ပွဲတက်ခဲ့တဲ့ မြောင်ဇီးတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ကိုစိုးမင်းက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတာ အခုဆိုရင် နိုင်ငံပေါင်း ၁၀၀ ကျော်က လူပေါင်း တစ်သိန်းဝန်းကျင်ရှိနေပါပြီ။ လူပေါင်း လေးထောင်ဝန်းကျင် သေဆုံးသွားပါပြီ။ အများစုကတော့ တရုတ်နိုင်ငံမှာပါ။ တရုတ်သမ္မတ ရှီကျင့်ဖျင်ဆိုရင်လည်း ဗိုင်းရပ်စ်ဖြစ်ပွားရာ ဝူဟန်မြို့က ဆေးရုံကို သွားရောက်ကြည့်ရှုခဲ့တဲ့ ရုပ်သံဖိုင်ကို တရုတ်သံရုံးက ဒီနေ့ မတ် ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ရုပ်ရှင် အကယ်ဒမီဆုပေးပွဲ၊ တပ်မတော်နေ့ အခမ်းအနားနဲ့ မုံရွာက ချင်းတွင်းသင်္ကြန် စတာတွေကို မကျင်းပဖို့ ဆုံးဖြတ်ထားကြပါတယ်။

မြန်မာနိုင်ငံမှာ နှစ်လတာ အတောအတွင်း ကိုရိုနာသံသယလူနာပေါင်း ၅၀ ကျော်စစ်ဆေးပြီးဖြစ်ပေမယ့် ဒီနေ့အထိ ဗိုင်းရပ်စ် ကူးစက်ခံရသူ တစ်ဦးမှ မတွေ့သေးဘူးလို့ အစိုးရက ပြောနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လားရှိုးပွဲအပြီး၊ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်ကိုလည်း ယနေ့ သွားရောက်ခဲ့ပြီး ဒေသခံများနဲ့ တွေ့ဆုံခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org