ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေ သတင်းထုတ်ပြန်မှု မရှိတော့
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုနဲ့ပတ်သက်ပြီး ပုံမှန်ထုတ်ပြန်ဖြေကြားပေးနေတဲ့ ရှေ့နေ့တွေဟာ အောက်တိုဘာလ ၇ ရက် မနေ့ကစပြီး သတင်းမထုတ်ပြန်တော့သလို ဖုန်းနဲ့ ဆက်သွယ်ပေမယ့်လည်း ဖြေဆိုတာ မရှိတော့ပါဘူး။
- 2021-10-08
-
-
-
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုနဲ့ပတ်သက်ပြီး ပုံမှန်ထုတ်ပြန်ဖြေကြားပေးနေတဲ့ ရှေ့နေ့တွေဟာ အောက်တိုဘာလ ၇ ရက် မနေ့ကစပြီး သတင်းမထုတ်ပြန်တော့သလို ဖုန်းနဲ့ ဆက်သွယ်ပေ မယ့်လည်း ဖြေဆိုတာ မရှိတော့ပါဘူး။
အရင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ၊ အမှုအခြေအနေနဲ့ ပတ်သက်ပြီး အပတ်စဉ်၊ နေ့စဉ် တရားရုံးချိန်းပြီးတိုင်း ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာတွေကို ရှေ့နေအဖွဲ့ဝင်တွေက သတင်း ထုတ်ပြန် ဖြေဆိုပေးခဲ့တာပါ။
အောက်တိုဘာ ၈ ရက် ဒီနေ့မှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အဂတိအမှုအတွက် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ပြန်လှန်စစ်မေးဖို့ရှိကြောင်း ရှေ့နေတွေက ပြောထားပါတယ်။ ဒါပေမဲ့ ဒီနေ့ တရားခွင် အခြေအနေ ဘယ်လိုရှိသလဲဆိုတာကိုသိရဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ဝင်တွေကို RFA က ဆက်သွယ်တဲ့အခါမှာတော့ ဖုန်းလက်ခံဖြေကြားတာ မရှိတော့ပါဘူး။
ရှေ့နေအဖွဲ့ဝင်တွေထဲက တစ်ဦးဖြစ်တဲ့ ဒေါ်မင်းမင်းစိုးဟာ အခုပတ် တနင်္လာနေ့ကတည်းက မီဒီယာတွေကို မဖြေတော့သလို ဦးခင်မောင်ဇော် ကလည်း အင်္ဂါနေ့ ရုံးချိန်းအတွက် သတင်းထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ဖြေကြားတာတွေ မလုပ်တော့ပါဘူး။ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ထဲမှာ နေပြည်တော်က ဦးခင်မောင်ဇော်၊ ဒေါ်မင်းမင်းစိုး၊ ဦးသဲမောင်မောင်နဲ့ ရန်ကုန်ဘက်က ဦးကြည်ဝင်းနဲ့ ဒေါ်စန်းမာလာညွန့် စုစုပေါင်း ငါးဦး ပါဝင်ပါတယ်။
ဒေါ်စန်းမာလာညွန့် ကိုတော့ ဩဂုတ်လကတည်းက သူနေထိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကိုခေါ်ပြီး ပြည်တွင်း၊ ပြည်ပမီဒီယာတွေနဲ့ ပြည်ပအဖွဲ့အစည်းတွေကို အင်တာဗျူးမဖြေဖို့နဲ့ မဆက်သွယ်ဖို့ ဝန်ခံကတိ လက်မှတ်ရေးထိုးခိုင်းတာခံခဲ့ရပါတယ်။
အရင်က ရုံးချိန်းပြီးတိုင်း နေပြည်တော်က ရှေ့နေ ဦးခင်မောင်ဇော်ရဲ့နေအိမ်မှာ ပြည်တွင်း၊ ပြည်ပမီဒီယာတွေ ကို အင်တာဗျူးခွင့် ပုံမှန်ပြုလုပ်ပေးခဲ့ပေမယ့် ဇမ္ဗူသီရိမြို့နယ်နဲ့ ပျဉ်းမနားမြို့နယ်ကို နေအိမ်မှာနေထိုင်ရေး (Stay at Home) အဖြစ် ထုတ်ပြန်လိုက်ပြီး အသွားအလာကန်သတ်ခဲ့တာကြောင့် တယ်လီဖုန်းနဲ့ပဲ ဖြေကြား ပေးခဲ့ကြတာပါ။
သတင်းသွားယူတဲ့ သတင်းသမားတွေကိုလည်း စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) က ရပ်ကွက်ထဲအထိ လာရောက်စောင့်ကြည့်တာတွေ ပြုလုပ်ခဲ့တယ်လို့ နေပြည်တော်အခြေစိုက် သတင်းသမားတချို့က ပြော ပါတယ်။
ရှေ့နေအဖွဲ့ဝင်တွေ လက်ရှိ တယ်လီဖုန်းနဲ့တောင် လက်ခံဖြေကြားခြင်းမရှိတော့တာ ဘာကြောင့်လဲဆိုတာ မသိရပါဘူး။ အခုလို ဆက်သွယ်လို့မရတော့တာကြောင့် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ တခြားNLD ခေါင်းဆောင်တွေရဲ့ ကျန်းမာရေးနဲ့ အမှုအခြေအနေတွေကို မသိနိုင်တော့ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာသိမ်းတဲ့နေ့ စတင်အဖမ်းခံရပြီးကတည်းက ပြင်ပနဲ့အဆက်သွယ်မရဘဲ နှစ်ပတ်အကြာမှ အွန်လိုင်းဗွီဒီယိုစနစ်နဲ့ စရုံးထုတ်ခဲ့သလို မေလ ၂၄ ရက်နေ့မှာ လူကိုယ်တိုင်ရုံးထုတ်ခဲ့ရပြီး ရှေ့နေတွေတွေ့ခွင့်ရမှပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ အမှုအခြေအနေတွေကို ပြည်သူတွေ သိရှိခဲ့ရတာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည်ထောင်ဒဏ်ချမှတ်နိုင်တဲ့ ပုဒ်မတွေဖြစ်တဲ့ မြန်မာနိုင်ငံ လျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၃-၁ (ဂ) နဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅) အပါအဝင် စုစုပေါင်းအမှု ၁၁ ခုနဲ့ စစ်ကောင်စီက ဖမ်းဆီးအရေးယူထားတာ ဒီနေ့ဆိုရင် ရက်ပေါင်း ၂၅၀ ရှိပါပြီ။