ရခိုင်ပြည်နယ်အရေး ဒေါ်အောင် ဆန်းစုကြည်နဲ့ အာဆီယံနိုင် ငံခြားရေးဝန်ကြီးတွေ ဆွေးနွေး


2016.12.19
dassk-asean-foreign-ministers-620.jpg ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ဒီဇင်ဘာလ ၁၉ ရက်နေ့ က တွေ့ဆုံခဲ့ကြစဉ်
Photo: MOFA

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ဒီကနေ့တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ ရှင်းလင်းပြောကြားခဲ့ ပါတယ်။

ဒီနေ့ဆွေးနွေးပွဲဟာ မြန်မာနိုင်ငံရဲ့ အဆိုပြုချက်အရကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အလွတ်သဘော အစည်းအဝေးဖြစ်ပြီး၊ အာဆီယံ ၁ဝ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီး ၁ဝ ဦးနဲ့ အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်မှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်ဆိုပြီး နိုင်ငံတကာက စွပ်စွဲပြောဆိုမှုတွေ ထွက်ပေါ်နေချိန်မှာ တွေ့ဆုံတဲ့ပွဲလည်း ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေနေတွေကို ရှင်းလင်းပြောကြားခဲ့ပြီး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းတွေကို ကုလသမဂ္ဂအေဂျင်စီ အဖွဲ့စည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း၊ အခုလို ခက်ခဲသိမ်မွေ့တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ မြန်မာအစိုးရမှာ သံန္နိဋ္ဌာန်ချထားပြီး သည်းခံအချိန်ပေးဖို့ ပြောကြားခဲ့တယ်လို့ အစည်းအဝေးပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒီဆွေးနွေးပွဲမှာ ရိုဟင်ဂျာမွတ်ဆလင်တွေအရေးဟာ အာဆီယံဒေသအတွင်း စိုးရိမ်စရာကိစ္စဖြစ်ပြီး အာဆီယံ အဖွဲ့အနေနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးနဲ့ ပြစ်မှုကျူးလွန်တယ်လို့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးရေး အတွက် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အစည်းအဝေးနဲ့ ပတ်သက်လို့ အားရဝမ်းသာဖြစ်ကြတဲ့အကြောင်း သတင်းထောက်တွေ ကို ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။