ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် ဒုသမ္မတ၊ နယူးဇီလန် ဝန်ကြီးချုပ်တို့ သီးသန့်တွေ့ဆုံ

ရခိုင်ပြည်နယ်ပဋိပက္ခအတွင်း စစ်တပ်ရဲ့ဖိနှိပ်မှုတွေကိုအမေရိကန်ဒုသမ္မတ Mike Pence က ပြစ်တင်ဝေဖန်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်ဒုသမ္မတ Mike Pence တို့ တွေ့ဆုံစဉ် Photo: Myanmar State Counsellor Office

ရခိုင်ပြည်နယ်ပဋိပက္ခအတွင်း စစ်တပ်ရဲ့ဖိနှိပ်မှုတွေကိုအမေရိကန်ဒုသမ္မတ Mike Pence က ပြစ်တင်ဝေဖန် လိုက်ပါတယ်။

စင်္ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီး ဆွေးနွေးပွဲပြင်ပမှာ Mike Pence နဲ့ မြန်မာနိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့်တွေ့ဆုံခဲ့ချိန်အတွင်း ပြောဆိုခဲ့တာပါ။

စစ်တပ်ရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကြောင့် မွတ်စလင် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရတဲ့အပေါ် ဆင်ခြေပေးလို့ မရနိုင်ဘူးလို့ ဒုသမ္မတ Pence က ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့  လူတွေမှာ မတူညီတဲ့အမြင်တွေရှိကြပေမယ့် ဒီအမြင်တွေကို အပြန်အလှန် ဖလှယ်ပြီး နားလည်မှုရအောင် ကြိုးစားတာက ပိုအရေးကြီးတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ဒါ့အပြင် မိမိတို့နိုင်ငံရဲ့ အရေးကိစ္စတွေကို မိမိတို့ကသာ တခြားနိုင်ငံတွေထက် ပိုသိနိုင်ပြီး၊ မြန်မာနိုင်ငံ သာယာဝပြောရေးနဲ့ လုံခြုံရေး အတွက် မြန်မာအစိုးရရဲ့ဆောင်ရွက်ချက်တိုင်းကို ကူညီပံ့ပိုးပေးခဲ့တဲ့ မိတ်ဖက်နိုင်ငံအားလုံးကို ကြိုဆိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

အမေရိကန် ဒုသမ္မတ Pence က မြန်မာနိုင်ငံမှာ အကျဉ်းကျခံနေရတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံချိန် ပြောကြားခဲ့ပါတယ်။

အခုလို အမေရိကန်ဒုသမ္မတ Mike Pence နဲ့တွေ့ဆုံဖို့ ဒေါ်အောင်ဆန်းစုကြည်က ကမ်းလှမ်းခဲ့တာဖြစ်ကြောင်း ဗြိတိန်အခြေစိုက် ဂါးဒီးယန်း သတင်းစာက ဖော်ပြပါတယ်။

နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နယူးဇီလန်ဝန်ကြီးချုပ် Jacinda Ardern နဲ့လည်း သီးသန့်တွေ့ဆုံခဲ့ပါတယ်။ သိန်းနဲ့ချီတဲ့ ဒုက္ခသည် ပြဿနာဖြေရှင်းရေးမှာ  မြန်မာနိုင်ငံကို ကူညီမယ်လို့ နယူးဇီလန်ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org