ပြည်သူတွေကို အားပေးတဲ့ အကူအညီဖြစ်ဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ နယူးဇီလန်ဝန်ကြီးချုပ် Mr. John Key တို့ဟာ နိုဝင်ဘာလ ၂၂ ရက်နေ့ညနေ ၄ နာရီခွဲက နေပြည်တော် သင်္ဂဟဟိုတယ်မှာ တွေ့ဆုံ ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် နယူးဇီလန်ဝန်ကြီးချုပ်တို့ နိုဝင်ဘာ ၂၂ ရက်နေ့က နေပြည်တော် သင်္ဂဟဟိုတယ်တွင် တွေ့ဆုံဆွေးနွေးနေစဉ်။ Photo: RFA/Win Naung Toe

နယူးဇီလန်နိုင်ငံက မြန်မာနိုင်ငံကို အကူအညီ အထောက်အပံ့ပေးရာမှာ ပြည်သူလူထုရဲ့ အင်အားကို ဖြည့်ဆည်းပေးတဲ့ အကူအညီတွေကို အဓိကထားပေးဖို့ လိုတယ်ဆိုတာကို ဒီကနေ့ နယူးဇီလန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးရာမှာ ပြောဆိုဖြစ်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို အခုလို ပြန်လည်ပြောကြားခဲ့ပါတယ်။

"အမေတို့ပြောတဲ့ကိစ္စကတော့ အကူအညီပေးတာက ဘာမှပြောစရာမရှိပါဘူး၊ ပေးပုံပေးနည်းကတော့ အရေးကြီးပါတယ်၊ နောက် အကူအညီပေးတဲ့နေရာမှာ ပြည်သူလူထုရဲ့အင်အားကို ဖြည့်တင်းပေးတဲ့နည်းနဲ့ ပေးဖို့လိုအပ်တယ်၊ အစိုးရရဲ့အင်အားကို ဖြည့်ပေးတဲ့နည်းနဲ့ ပေးဖို့မလိုဘူး၊ အမေတို့နိုင်ငံဟာ အာဏာရှင်အစိုးရဲ့လက်အောက်မှာ အကြာကြီးနေခဲ့ရတဲ့နိုင်ငံဆိုတော့ အစိုးရရဲ့အင်အားက အင်မတန်မှကြီးပါတယ်၊ ထပ်ပြီးတော့ဒီအင်အားကို ဖြည့်တင်းပေးလို့ရှိရင် ဒီမိုကရေစီလမ်းကြောင်းဘက်ကို သွားတဲ့နေရာမှာ နှောင့်နှေးနိုင်ပါတယ်၊ ဒီလိုဆွေးနွေးတယ်ဆိုတာ နှစ်နိုင်ငံကြားထဲမှာ နားလည်မှုရရှိအောင် နောက်ပြီးတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းကို တတ်နိုင်သမျှ ဖြောင့်ဖြူးအောင်လုပ်ပေးချင်တဲ့ ဆန္ဒနဲ့ဆွေးနွေးတာပါ"

နယူးဇီလန်ဝန်ကြီးချုပ် Mr. John Key ဟာ မြန်မာနိုင်ငံကို ပထမဆုံးလာရောက်တဲ့ နယူးဇီလန် ဝန်ကြီးချုပ်ဖြစ်ပြီး၊ သူဟာ နိုဝင်ဘာ ၂၁ ရက်က ရွှေတိဂုံဘုရားကို တက်ရောက်ကြည်ညိုခဲ့ပြီး၊ နယူးဇီလန်နိုင်ငံသား ကီဝီစစ်သား ၉ ဦး သဂြိုလ်ထားရာ ထောက်ကြံ့ စစ်သချိုင်းကို သွားရောက် အလေးပြုဖို့ရှိတယ်လို့ သိရပါတယ်။

နယူးဇီလန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် ဒေါ်လာ ၇ သန်းကူညီဖို့ ရှိပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org