UNFC ခေါင်းဆောင်တွေ နဲ့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးတွေ့ဆုံ

လာမယ့်သြဂုတ်လကုန်မှာ ကျင်းပဖို့ လျာထားတဲ့ ၂၁ ရာစု ပင်လုံညီလာခံမှာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ အားလုံးပါဝင်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာမှာ တိုင်းရင်းသား အားလုံး ပါဝင်ရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တိုက်တွန်းလိုက် ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ ညီညွတ်သော တိုင်ရင်းသားလူမျိူးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့တို့ ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က ရန်ကုန်မြို့ NRPC ရုံးမှာ တွေ့ဆုံခဲ့စဉ် Photo: Aung Thain Kha/ RFA

သြဂုတ်လကုန်မှာ ကျင်းပမယ့် ၂၁ ရာစုပင်လုံညီလာခံမှာ တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့တွေ အားလုံး ပါဝင်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာမှာ တိုင်းရင်းသားအားလုံး ပါဝင်ရေး ဒီကနေ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ UNFC ကိုယ်စားလှယ်တွေနဲ့ ပထမဆုံး တွေ့ဆုံရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

UNFC ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေ ဒီနေ့တွေ့ဆုံရာမှာ ပြောခဲ့တာဖြစ် တယ်လို့ ၂၁ ရာစုပင်လုံညီလာခံအကြိုပြင်ဆင်ရေးကော်မတီ အဖွဲ့ဝင် ဦးကျော်လင်းဦး ကပြောပါတယ်။

"အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးဖြစ်စဉ်စကတည်းက အဆင့်တိုင်းမှာ  အားလုံးပါဝင်ရေးကို မူချထားတာ ရှိခဲ့ပြီးသားပေါ့၊ အဲ့ဒါကိုပဲ ထပ်ပြီးတော့မှ  ကျနော်တို့ ဒီနေ့ တစ်ဖက်နဲ့တစ်ဖက် အမြင်ချင်းဖလှယ်တာပါပဲ၊  ဖလှယ်တဲ့အခါကျတော့ တစ်ဖက်နဲ့တစ်ဖက် မေးစရာလေးတွေ ရှိတဲ့ ဆွေးနွေး  စရာရှိတာလေးတွေလည်း ရှိလာတာပေါ့နော်၊ ရှိပေမယ့်လည်း ဒါမိသားစုဆန်ဆန်  အမြင်ချင်းဖလှယ်တဲ့ သဘောလို့ပဲ ပြောလို့ရပါတယ် အခုက၊ အဓိကတော့ဗျာ  ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အားလုံးပါဝင်လာရေး၊ ငြိမ်းချမ်းရေးဆွေးနွေးရေးနဲ့  ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ အားလုံးပါဝင်ရေးပေါ့၊ ဒါတွေကိုပဲ  အခြေခံဦးတည်ပြီးတော့ ပြောတာပါ"

အပစ်ရပ်လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ အခုတစ်ကြိမ်တွေ့ဆုံတာဟာ ပထမဆုံးဖြစ်ပြီး နောင်မှာလည်း အလျဉ်းသင့် သလို တွေ့ဆုံကြဖို့ သဘောတူညီခဲ့တယ်လို့ ဦးကျော်လင်းဦးက ပြောပါတယ်။

UNFC ရဲ့ နိုင်ငံရေးဆိုင်ရာညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPNအနေနဲ့လည်း တစ်နိုင်ငံလုံးအပစ်ခတ် ရပ်စဲရေးသဘောတူစာချုပ် NCA နဲ့ပတ်သက်ပြီး တင်ပြစရာတွေ ရှိတဲ့အတွက် ချင်းမိုင်မြို့မှာ အစိုးရဘက်က ၂၁ ရာစုပင်လုံညီလာခံအကြိုပြင်ဆင်ရေးကော်မတီနဲ့ လာမယ့်အပတ်မှာ ထပ်မံတွေ့ဆုံဖို့ သဘောတူညီခဲ့ပါတယ်။ လာမယ့် ဇူလိုင်လ ၂၆ ရက်နေ့မှာ ကချင်ပြည်နယ် မိုင်ဂျာယန်မြို့မှာ ကျင်းပမယ့် တိုင်းရင်းသား ထိပ်သီး ခေါင်းဆောင်များညီလာခံ ကျင်းပရေးအတွက်လည်း အစိုးရဘက်က သွားလာရေးပိုင်းကို တာဝန် ယူဆောင်ရွက်ပေးဖို့ သဘောတူညီထားတယ်လို့ ဦးကျော်လင်းဦး က ပြောပါတယ်။

ဒီနေ့တွေ့ဆုံပွဲကို အစိုးရဘက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာ တင်မျိုးဝင်း အပါအဝင် ၄ ဦးတက်ရောက်ခဲ့ပြီး UNFC ဘက်က ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ နိုင်ထောမွန်၊ ခွန်အေဘယ်တွစ် အပါအဝင် ၁၃ ဦးတက်ရောက်ခဲ့ပါတယ်။

ဒီပွဲမှာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့ အဖွဲ့တွေက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ တွေ့ဆုံရာမှာ အစိုးရဘက်က ၂၁ ရာစုပင်လုံညီလာခံလို့ ခေါ်ဝေါ်သုံးစွဲတာနဲ့ပတ်သက်ပြီး မေးမြန်းခဲ့တယ်လို့သိရပါတယ်။

ဒီအကြောင်း ၂၁ရာစုပင်လုံညီလာခံ အကြိုပြင်ဆင်ရေးအဖွဲ့ဝင် ဦးကျော်လင်းဦးကို RFA သတင်း ထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org