ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံပွဲ မြန်မာအများစု ဝင်ခွင့်မရ
အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေ တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ စနေနေ့ မနက်က နယူးယောက်မြို့က မြန်မာအမြဲ တမ်းကိုယ်စားလှယ် အဖွဲ့ရုံးမှာ မြန်မာမိသားစုတွေနဲ့ တွေ့ ဆုံခဲ့ပါတယ်။
-
2016-09-17 -
-
-
Your browser doesn’t support HTML5 audio
အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ စနေနေ့ မနက်က နယူးယောက်မြို့က မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံးမှာ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ ဆရာဝန်တစ်ဦးက ဆေးကုသခွင့်လက်မှတ်တွေ ပြန်လည်ရရှိရေး၊ မြန်မာပြည်သူတွေ ဆေးဝါး အစစ်အမှန်တွေ ရရှိရေး အပါအဝင် အမေရိကန်ရောက် မြန်မာဆရာဝန်တွေ အမိနိုင်ငံပြန်ပြီး တိုင်းပြည်လူထုကို ကူညီဖို့အတွက် အကြံပေးတင်ပြခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က လိုအပ်သလို ဆောင်ရွက် မှာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
ရူပဗေဒပညာရှင်တစ်ဦးကလည်း မြန်မာနိုင်ငံမှာ အနုမြူစွမ်းအင်အသုံးပြုရေးအတွက် တင်ပြခဲ့သလို အဲ့ဒီ အခမ်းအနားကို ကနေဒါကလာရောက်ခဲ့တဲ့ ရခိုင်ပညာရှင်တစ်ဦးက ကိုဖီ အာနန် ဦးဆောင်တဲ့ ရခိုင်ပြည် နယ်ကော်မရှင်ကို ထောက်ခံကြောင်း ဒါပေမဲ့ ရခိုင်ပြည်သူတွေကို နားလည်အောင်ရှင်းပြဖို့ လိုကြောင်း အကြံပေးခဲ့ပါတယ်။
လောလောဆယ်မှာ မြန်မာပြည်ပြန်လိုတဲ့သူတွေကို ဗီဇာထုတ်ပေးရေးအတွက် နိုင်ငံရေးလုပ်မှာ မဟုတ်ကြောင်း သံရုံးက ခံဝန်လက်မှတ်ထိုးခိုင်းနေတဲ့ အချက်ဟာ မှားယွင်းနေကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့တယ်လို့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ယူနီဆက်အရာရှိဟောင်း ဦးခင်ဇော်က RFA ကိုပြောပါတယ်။
"အဲ့ဒီတော့ နိုင်ငံရေးလုပ်တဲ့သူက ဗီဇာမရဘူးဆိုရင် ကျမတို့လည်း နိုင်ငံရေးလုပ်တာပဲတဲ့၊ ခံဝန်ချက် လက်မှတ်ထိုးခိုင်းတယ်ဆိုတာ သဘာဝမကျဘူးလို့ ထင်တယ်တဲ့"
မြန်မာကုန်သည်ကြီးများ အသင်းဝင်တစ်ဦးက သူတို့မြန်မာပြည်မှာ ဟိုတယ်ဆောက်ဖို့ မြေကွက်လို ချင်ကြောင်း ပြောဆိုရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အဲ့ဒီကိစ္စ လုံးဝမဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။
နယူးယောက်မြို့က အခမ်းအနားကို လူ ၅ဝ ခန့်သာ သီးသန့်ဖိတ်ကြားခဲ့တဲ့အတွက် လူဦးရေ ရာနဲ့ချီပြီး ဝင်ခွင့်မရ တဲ့ မြန်မာနိုင်ငံသားတွေက မြန်မာကိုယ်စားလှယ်ရုံး ပြင်ပကပဲ ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆက်ခွင့်ရခဲ့ပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဒါဟာ လူတန်းစားခွဲခြားရာ ကျတဲ့အတွက် နောင်မှာ အလားတူ ထပ်မံဖြစ်ပေါ်ခြင်း မရှိအောင်ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။
နယူးယောက်မြို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာတွေ တွေ့ဆုံပွဲအကြောင်း ဦးတင်အောင်ခိုင် တင်ပြထား တာကို နားဆင်ပါ။