NLD နဲ့ မိမိ တသားတည်း ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို NLD ပါတီကနေ သီးခြား ခွဲထုတ် နေတယ်ဆိုပြီး ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ မဟုတ်မှန်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPP အစည်းအဝေးမှာ ငြင်းဆို သွားတယ်လို့ သိရပါတယ်။
-
2011-08-05 -
-
-
ဒီကနေ့ မွန်းလွဲပိုင်းက CRPP အစည်းအဝေးကို NLD ပါတီ ရုံးချုပ်မှာ ကျင်းပခဲ့တာပါ။ အစည်းအဝေးကို NLD ပါတီ ဗဟို အလုပ်အမှုဆောင်များ ဖြစ်တဲ့ ဒုတိယဥက္ကဌ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးသန်းထွန်း၊ ဦးလှဖေနဲ့ CRPP အတွင်းရေးမှူး ဦးအေးသာအောင်၊ ဦးပူကျင်ရှင်းထန်နဲ့ ဦးစိုးဝင်းတို့ တက်ရောက် ခဲ့တာပါ။
အစည်းအဝေးမှာ ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး NLD ပါတီ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ခုလိုပြောပါတယ်။
“အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ ကိစ္စ။ နောက် ငြိမ်းချမ်းရေး အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိတ်ဖွင့်ပေးစာ အဲဒီကိစ္စတွေကို ဆွေးနွေး ကြတယ်လို့ သိရပါတယ်”
အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်ဖို့ ကမ်းလှမ်းချက်တွေ အပေါ်မှာ CRPP အဖွဲ့ဝင်တွေက ကြိုဆိုခဲ့ပြီး ဆောင်ရွက်ရန် အသေးစိတ်တွေကို ညှိနှိုင်းခဲ့တယ်လို့ ဦးအေးသာအောင်က ပြောပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပိုင်တွေက နေပြည်တော်မှာ ပြုလုပ်မည့် အစည်းအဝေးကို တက်ရောက်ဖို့ ဖိတ်ကြားတဲ့ ကိစ္စ အပါအဝင် လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
အစည်းအဝေးနဲ့ ပတ်သက်ပြီး ဦးအေးသာအောင်ကို ဦးတင်အောင်ခိုင်က မေးမြန်းထား ပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |