NLD အနိုင်ရရင် အစိုးရအဖွဲ့ကို ဦးဆောင်မယ်လို့ ဒေါ်အောင်ဆန်း စုကြည် ပြောကြား

လာမယ့်ရွေးကောက်ပွဲမှာ NLD အနိုင်ရရင်၊ အစိုးရအဖွဲ့ကို ဦးဆောင်သွားမယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ ၁၁ ရက်နေ့က ကယားပြည်နယ် ဖားဆောင်းမြို့မှာ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောစဉ် Photo: Myo Thant Khaing/RFA

လာမယ့်ရွေးကောက်ပွဲမှာ NLD အနိုင်ရရင်၊ အစိုးရအဖွဲ့ကို ဦးဆောင်သွားမယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

India Today ရုပ်သံ သတင်းဌာနက မနေ့က တွေ့ဆုံမေးမြန်းရာမှာ ပြောကြားခဲ့တာပါ။

ရွေးကောက်ပွဲမှာ NLD နိုင်လို့ အစိုးရဖွဲ့တဲ့အခါ၊ ကျမအနေနဲ့ သမ္မတ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ၊ အစိုးရကို ဦးဆောင်သွားမှာပါ၊ တိုင်းပြည်ကို ဦးဆောင်ဖို့အတွက် သမ္မတ ဖြစ်စရာလိုပါသလား၊ ကျမဟာ NLD ပါတီရဲ့ ခေါင်းဆောင်ဖြစ်တာကြောင့်၊ NLD အစိုးရကို ဦးဆောင်ရမှာပါပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ ကွန်ဂရက်ပါတီ အနိုင်ရတဲ့အခါ ပါတီခေါင်းဆောင် ဆိုနီယာ ဂန္ဓီ က မန်မိုဟန်ဆင်းကို သမ္မတ ခန့်လိုက်သလိုမျိုးပါလားလို့ India Today က မေးတဲ့အခါ  မဟုတ်ပါဘူး၊ အဲ့သလိုမျိုး လုံးဝ မဟုတ်ပါဘူး၊ စောင့်သာ ကြည့်ပါ လို့သာ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါတယ်။

NLD က အဆိုပြုမယ့် သမ္မတလောင်းနဲ့ပတ်သက်ပြီး သူရဦးရွှေမန်းဖြစ်နိုင်ခြေရှိတယ်လို့ ခန့်မှန်း နေကြတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့  NLD ပါတီမှာ အရပ်သားတွေအများအပြားရှိကြောင်း၊ ဒီကိစ္စဟာ အကြိုက် ကိစ္စထက် မသင့်တော်မတော်ဆိုတာက ပိုပြီးအရေးကြီးကြောင်း၊ ရိုးသားဖြောင့်မတ်တဲ့ အရပ်သားဆိုရင် ပိုပြီးသင့်တော်မှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် NLD အစိုးရဖွဲ့နိုင်တဲ့အခါ အိန္ဒိယ မြန်မာ ဆက်ဆံရေးနဲ့ပတ်သက်ပြီး ရှေ့အလားအလာတွေကို India Today ရုပ်သံသတင်းက မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က  ပွင့်လင်းမြင်သာမှု ရှိစေချင်ပါတယ်၊ နယ်စပ်တွေမှာ ငြိမ်းငြိမ်းချမ်းချမ်းရှိဖို့ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ အချင်းချင်းကြားမှာ စစ်မှန်တဲ့ နားလည်မှုရှိဖို့လိုပါတယ်။ ပွင့်လင်းမြင်သာမှုမရှိရင်တော့ သံသယ အမျိုးမျိုးတွေ၊ သို့လော သို့လောတွေ ပေါ်ပေါက်လာမှာပါ၊ ဒါတွေက နိုင်ငံချင်းချစ်ကြည်ရင်းနှီးမှု အခြေခံအုတ်မြစ်ကို တိုက်စားနေမှာဖြစ်ပါတယ်လို့ ပြောကြားခဲ့တာပါ။

ဒါ့ပြင် အိန္ဒိယရဲ့ ဒီမိုကရေစီမှာ မြန်မာအတွက် သင်ခန်းစာယူစရာတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။

NLD အာဏာရရင် တရုတ် မြန်မာဆက်ဆံရေးဟာလည်း ကောင်းမွန်လာမှာဖြစ်သလို၊ တရုတ်နဲ့ အိန္ဒိယကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်လာအောင် မြန်မာက ကူညီနိုင်မှာဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း အိန္ဒိယ သတင်းမီဒီယာနဲ့ ပထမဦးဆုံးအကြိမ် တွေ့ဆုံခဲ့ တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org