ဘယ်နိုင်ငံခြားအစိုးရကိုမှ အားမကိုးကြောင်း ဒေါ်အောင် ဆန်းစုကြည် ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးလုပ်တယ် ဆိုတာ ပြည်သူတွေကို အားကိုးပြီး လုပ်ဆောင် တာဖြစ်ကြောင်းနဲ့ ဘယ်နိုင်ငံခြားအစိုးရကိုမှ အားကိုးနေတာ မဟုတ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

ရခိုင်ပြည်နယ် သံတွဲမြို့က ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲမှာ အောက်တိုဘာလ ၁၇ ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟောပြောစဉ် Photo:Myo Thant Khaing/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးလုပ်တယ်ဆိုတာ ပြည်သူတွေကို အားကိုးပြီး လုပ်ဆောင်တာဖြစ်ကြောင်းနဲ့ ဘယ်နိုင်ငံခြားအစိုးရကိုမှ အားကိုးနေတာ မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီကနေ့ ရခိုင်ပြည်နယ် သံတွဲမြို့က ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲမှာ တက်ရောက်လာတဲ့ ပရိတ်သတ် တစ်ဦးက ဒေါ်အောင်ဆန်းစုကြည်ဟာ RSO ရိုဟင်ဂျာအဖွဲ့အစည်းကို စာရေးအကူအညီတောင်းတယ်ဆိုပြီး အင်တာနက် လူမှုရေးစာမျက်နှာတွေမှာပျံ့နေတာ ဟုတ်ပါသလားလို့ မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည် က ဖြေကြားလိုက်တာ ဖြစ်ပါတယ်။

"ကျမတို့ နိုင်ငံရေးလုပ်တယ်ဆိုတာ ကျမတို့ ပြည်သူကိုအားကိုးပြီးတော့လုပ်တာ၊ ဘယ်နိုင်ငံခြား အစိုးရကိုမှ အားကိုးပြီးတော့ လုပ်တာမဟုတ်ပါဘူးလို့ ပြောပါရစေ၊ အဲ့ဒီလိုစွပ်စွဲတဲ့လူတွေက သူတို့ကိုယ်တိုင်က ဘယ်နိုင်ငံခြားအစိုးရတွေကို အားကိုးနေလို့လဲလို့ ကျမပြန်ပြီးတော့ မေးချင်ပါတယ်"

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖွဲ့နိုင်ခဲ့ရင် သန့်ရှင်းတဲ့အစိုးရဖြစ်အောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်းပြောပါတယ်။

ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်စည်းရုံးရာမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဟာ ကျပ်သိန်းတစ်ရာထက် ပိုသုံးလို့မရကြောင်း ပိုသုံးရင် ဥပဒေကို ချိုးဖေါက်နေတာဖြစ်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးဖို့အတွက် တစ်ဦးကို ကျပ်သိန်း ၅ဝ သုံးစွဲနိုင်ဖို့ဆိုတာတောင် မတတ်နိုင်ကြောင်းလည်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သံတွဲမြို့ ဟောပြောပွဲအပြီးမှာ အဲ့ဒီကနေ ၃နာရီလောက်ဝေးတဲ့ ကျိန္တလီ မြို့နယ်ခွဲမှာ ဒေသခံလူထုတွေနဲ့တွေ့ဆုံပြီး ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေကို RFA ဝိုင်းတော်သား ဦးဝင်းနိုင် သံတွဲနဲ့ ကျိန္တလီမြို့ကနေ ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org