ဒေါ်အောင်ဆန်းစုကြည်နဲ့ အိုဘားမား သဘောထားတူညီ

မြန်မာပြည်ရဲ့ အခြေအနေကို အမှန်ပကတိ အတိုင်းသိရှိဖို့ အရေးကြီးကြောင်း သမ္မတ အိုဘားမားနဲ့ မိမိတို့နှစ်ဦးလုံး ရှုမြင်ကြတယ် လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမားနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ နိုဝင်ဘာ ၁၄ ရက်နေ့က ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာ လမ်းနေအိမ်မှာ ပူးတွဲသတင်းစာရှင်းလင်းစဉ် Photo: Myo Zaw Ko/RFA

မြန်မာပြည်ရဲ့ အခြေအနေကို အမှန်ပကတိအတိုင်း သိရှိဖို့ အရေးကြီးကြောင်း သမ္မတအိုဘားမားနဲ့ မိမိတို့နှစ်ဦးလုံး ရှုမြင်ကြတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။

RFA က တင်ဆက်နေတဲ့ “ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းခဲ့ရာမှာ သူက အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

"ဒီဟာက သိပ်ပြီးတော့ အကောင်းမြင်ရင်လည်း မကောင်းဘူး၊ ဒီဟာက မျှမျှတတရှိရမယ့်ပေါ့နော်၊ အဖြစ်ကိုအဖြစ်တိုင်း မြင်နိုင်မျှသာ တကယ့်အထောက် အကူပြုနိုင်မှာပါ၊ သမ္မတ အိုဘားမား ပြောတဲ့အထဲမှာ လည်းပါပါတယ်၊ အလွန်အကောင်းမြင်လို့ရှိရင်လည်း ဒီလောက်ဆိုတော်လောက်ပြီဆိုပြီးတော့ ခပ်ပေါ့ပေါ့ဖြစ်သွားမယ်လို့ သဘောပဲသူပြောသွား ပါတယ်"

တဆက်တည်းမှာပဲ လာမယ့်ရွေးကောက်ပွဲတွေမှာ မဲအများဆုံးရသူ အနိုင်ယူစနစ် ဆက်လက်ကျင့်သုံး ဖို့ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ခဲ့တာကို ဒေါ်အောင်ဆန်းစုကြည်က
ထောက်ခံကြိုဆိုလိုက်ပါတယ်။

"ဒါဟာ လွှတ်တော်ရဲ့ အောင်မြင်ချက်လို့ပဲမြင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော်အနေနဲ့ ဒီလိုသဘောထားမတူတဲ့ကိစ္စတစ်ခုကို တည်တည်ငြိမ်ငြိမ်နဲ့ လွှတ်တော်အတွင်းမှာ ဆွေးနွေးပြီးတော့ ကျလာတဲ့ဆုံးဖြတ်ချက်ကို အားလုံးကလည်း တည်တည်ငြိမ်ငြိမ်နဲ့ လက်ခံတယ်ဆိုတာက  ဒါအင်မတန် လွှတ်တော်အတွက်ကောင်းတဲ့ကိစ္စတစ်ခုပါ"

ဒါ့အပြင် မြန်မာ့တပ်မတော်က ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ အလွတ်သတင်းထောက် ကိုပါကြီးနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ ရာမှာတော့ ညင်းပမ်းနှိပ်စက်မှုတွေရှိခဲ့တယ်လို့ သိရှိရကြောင်းနဲ့ ထိရောက်စွာအရေးယူဖို့လိုကြောင်း ပြောကြား ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org