ဒေါ်အောင်ဆန်းစုကြည်နဲ့ ပိုလန်လွှတ်တော် ဥက္ကဌတွေ ဆွေးနွေး

ပိုလန်နိုင်ငံကို ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်ဟာ ပိုလန်လွှတ်တော်နှစ်ရပ်က ဥက္ကဌတွေနဲ့ မနေ့ကတွေ့ဆုံခဲ့ပါတယ်။

ပိုလန်နိုင်ငံကို ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပိုလန်လွှတ်တော်နှစ်ရပ်က ဥက္ကဌတွေနဲ့ မနေ့ကတွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် အထောက်အကူရအောင် ဒီမိုကရေစီ ထူထောင်တည်ဆောက်ရေး နည်းလမ်းတွေ၊ ဒီမိုကရေစီအသွင် ကူးပြောင်းမှုဆိုင်ရာ ပိုလန်နိုင်ငံရဲ့ အတွေ့အကြုံတွေကို ဆွေးနွေးပြောဆိုကြဖို့အတွက် တွေ့ဆုံခဲ့ကြတာပါ။ ပိုလန်နိုင်ငံဟာ မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံအားပေးနေတဲ့နိုင်ငံ ဖြစ်ပါတယ်။

တစ်ပါတီကွန်မြူနစ်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ငြိမ်းငြိမ်းချမ်းချမ်း အသွင်ကူးပြောင်းခဲ့တဲ့ ပိုလန်နိုင်ငံရဲ့ ပထမဆုံး သမ္မတအဖြစ်ဆောင်ရွက်ခဲ့သူ  ပိုလန်သမ္မတဟောင်း Lech Walesa နဲ့လည်း ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှာဖြစ်ပါတယ်။ ဒီခရီးစဉ်ကို ပိုလန်အောက်လွှတ်တော် ဥက္ကဌ နဲ့ Lech Walesaတို့က ဖိတ်ကြားစီစဉ်ခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ပိုလန်လွှတ်တော်ကိုအသွား လွှတ်တော်ရှေ့မှာ ပိုလန်အလုပ်သမားတွေက အစိုးရရဲ့လုပ်ခနဲ့ပင်စင် မူဝါဒအပေါ် ဆန္ဒပြနေကြတာကြောင့် လမ်းပိတ်ဆို့နေတဲ့အတွက် လူအုပ်ကိုရှောင်ကွင်းပြီး လွှတ်တော်ရှိရာကို မိုးရေထဲမှာ လမ်းလျှောက်သွားခဲ့ရပါတယ်။ ပိုလန်အစိုးရက ဝန်ထမ်းတွေပင်စင်ယူရမယ့်အသက်ကို ၆၇ နှစ်အထိ တိုးမြှင့်သတ်မှတ်ခဲ့တာကို လျော့ပေးရေး၊ အနည်းဆုံး လုပ်ခလစာတိုးမြှင့်ပေးရေး၊ လက်ရှိဝန်ကြီးချုပ် နှုတ်ထွက်ပေးရေးစတဲ့ ကြွေးကြော်သံတွေနဲ့ ပိုလန်အလုပ်သမား နှစ်သောင်းဝန်းကျင်က လေးရက်ကြာဆန္ဒပြပွဲကို မနေ့က စတင်နေကြတာဖြစ်ပါတယ်။

လွှတ်တော်အဆောက်အဦးထဲကို ရောက်ရှိတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်က ပိုလန်အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲနဲ့ပတ်သက်ပြီး ဒီမိုကရေစီစံနစ် အခုလိုသက်ဝင်လှုပ်ရှားနေတာကို တွေ့မြင်ရတာ အလွန်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပြည်သူတွေ အလုပ်သမားတွေအနေနဲ့ မိမိတို့လိုလားချက်တွေကို လွှွတ်တော်ရှေ့မှာ အခုလိုလာရောက်ပြီး ဆန္ဒဖေါ်ထုတ်ခွင့်ရတာဟာ ဒီမိုကရေစီရဲ့ အသီးအပွင့်ပါပဲလို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပိုလန်သမ္မတနဲ့  ဒီကနေ့တွေ့ဆုံမှာဖြစ်ပြီး၊ ဝါဆောတက္ကသိုလ်မှာလည်း ပညာရေးနဲ့ နိုင်ငံရေးအကြောင်း ဟောပြောပို့ချမှာဖြစ်ပါတယ်။

ဝါဆောမြို့ကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ ကြာသပတေးနေ့ညနေမှာ တွေ့ဆုံမယ့်သူတစ်ဦးကတော့ ပိုလန်နိုင်ငံမှာ အနှစ် ၃ဝ နေထိုင်လျှက်ရှိသူ မြန်မာဗိသုကာ ဒေါက်တာ ဦးသန်းထိုက်ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်နဲ့ ပိုလန်နိုင်ငံရဲ့ လက်ရှိအခြေအနေတွေအကြောင်း ဆရာ ဦးသန်းထိုက်ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org