ထွက်ပြေးကြတဲ့ အကြောင်းရင်းကို ရှာဖွေရမယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
စက်တင်ဘာလ ၅ ရက်နေ့ နောက်ပိုင်း မောင်တောဒေသမှာ လက်နက်ကိုင်ပဋိပက္ခတွေ နယ်မြေရှင်းလင်းရေးတွေ မရှိတော့ပေမယ့် ဘာကြောင့် တဘက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို မွတ်စလင်အမြောက်အများ ထွက်ပြေးကြသလဲဆိုတာ ကို အဖြေရှာဖို့လိုတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိလ်က ပြောကြားပါတယ်။
-
2017-09-19 -
-
-
စက်တင်ဘာလ ၅ ရက်နေ့ နောက်ပိုင်း မောင်တောဒေသမှာ လက်နက်ကိုင်ပဋိပက္ခတွေ နယ်မြေရှင်းလင်းရေးတွေ မရှိတော့ပေမယ့် ဘာကြောင့် တဘက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို မွတ်စလင်အမြောက်အများ ထွက်ပြေးကြသလဲဆိုတာ ကို အဖြေရှာဖို့လိုတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိလ်က ပြောကြားပါတယ်။
ဒီကနေ့ နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာမှာ ပြုလုပ်တဲ့ လက်ရှိ မြန်မာနိုင်ငံအခြေအနေ အထူးသဖြင့် ရခိုင်ပြည်နယ်က ပြဿနာတွေနဲ့ ပတ်သက်ပြီး သံတမန်တွေကို ဖိတ်ခေါ်ရှင်းလင်းပွဲမှာ ပြောကြားခဲ့ တာဖြစ်ပါတယ်။
"စက်တင်ဘာလ ၅ ရက်နောက်ပိုင်း မောင်တောဒေသမှာ လက်နက်ကိုင်ပဋိပက္ခတွေ စစ်ဆင်ရေးတွေ မရှိတော့ပေမယ့် မွတ်စလင်အမြောက်အများ နယ်စပ်ဖြတ်ကျော်ထွက်ပြေးနေကြတယ်ဆိုတာ ကြားရတဲ့ အတွက် များစွာစိုးရိမ်ပူပန်မိပါတယ်။ ဘာကြောင့် ဒီလိုအလုံးအရင်းနဲ့ ထွက်ပြေးကြသလဲဆိုတာကို သိချင်တယ်၊ ထွက်ပြေးကြတဲ့သူတွေရဲ့ ပြောစကားတွေကိုလည်း ကြားချင်သလို ကျန်ခဲ့သူတွေ ရဲ့ ပြောစကားတွေကိုလည်း နားထောင်ချင်ပါတယ်။ ဒီနေရာမှာ သိသူနည်းပါးတဲ့အချက်ကတော့ မွတ်စလင် အများစုဟာ ထွက်ပြေးတဲ့အထဲမပါဘဲ ရခိုင်ပြည်နယ်မှာ ဆက်လက်နေထိုင်နေကြတဲ့ ဆိုတာပါပဲ။ ၅၀ ရာခိုင်နှုန်းကျော် မွတ်စလင်ရွာသားတွေဟာ သူတို့ရဲ့မူလနေရာတွေမှာဘဲ ဆက်လက်နေထိုင်နေ ကြတာ ဖြစ်ပါတယ်။ တချို့နေရာတွေမှာ ပဋိပက္ခ မဖြစ်တဲ့နေရာတွေရှိတယ်၊ အဲဒီနေရာတွေမှာ ဘာကြောင့် ပဋိပက္ခ မဖြစ်သလဲဆိုတာကိုလည်း အဖြေရှာရမယ်"
အဲဒီလို အဖြေရှာဖို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းတွေအနေနဲ့ စိတ်ဝင်စားတယ်ဆိုရင် ပူးပေါင်းဆောင်ရွက်ဖို့နဲ့ အဲဒီနေရာတွေမှာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်မေးမြန်းနိုင်ဖို့ စီစဉ်ပေးမယ့် အကြောင်းပြောပါတယ်။
ဒါ့အပြင် ဘင်္ဂလားဒေ့ရ်ှဘက်ကို ထွက်ပြေးသွားကြတဲ့ မွတ်စလင်ဒုက္ခသည်တွေကိုလည်း စိစစ်ပြီး ပြန်လည်လက်ခံ သွားမယ်လို့ ပြောပါတယ်။
လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ဥပဒေမဲ့ အကြမ်းဖက်အားလုံးကို ရှုတ်ချကြောင်း ၊ ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေး တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေး ရရှိဖို့အတွက် သံဓိဌာန်ချထားကြောင်း ပြောပါတယ်။
ဒါ့အပြင် အပြစ်မဲ့အရပ်သားတွေကို ထိခိုက်မှုမရှိစေဖို့အတွက် လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ လိုက်နာရမယ့် ကျင့်ဝတ်တွေကို တိတိကျကျလိုက်နာကြဖို့ကိုလည်း ညွှန်ကြားထားပြီးဖြစ်ကြောင်း ပြောပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်ရဲ့ အကြံပြုချက်တွေထဲက လတ်တလော အရေးကြီးဆုံးအချက်တွေကို အမြန်ဆုံး အကောင်အထည်ဖေါ်မှာ ဖြစ်ကြောင်း ပြောပါတယ်။