ဒေါ်အောင်ဆန်းစုကြည် ရခိုင် ခရီးစဉ် အောက်တိုဘာလလယ် စတင်မည်


2015.09.16
dassk-trip-620.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
Photo: RFA

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်ကို လာမယ့် အောက်တိုဘာလအလယ်မှာ စတင်မယ်လို့ NLD ပါတီက ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ် ခရီးစဉ်တွေသွားပြီးရင် သံတွဲမြို့၊ ဂွမြို့နဲ့ တောင်ကုတ်မြို့တို့ကို သွားဖို့စီစဉ်နေတယ် လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က RFA ကို ပြော ပါတယ်။

"သံတွဲ၊ ဂွရယ်၊ တောင်ကုတ်ရယ် ဒါပဲ၊ ကျန်းမာရေး အခြေအနေအရရယ်၊ နိုင်ငံရေးအခြေအနေအရရယ်၊ သွားသင့်သွားထိုက်တဲ့နေရာတွေ ရွေးပြီးတော့သွားတာပါ၊ နောက်အပတ်ဆိုရင် ခန္တီး၊ မော်လိုက်သွားမှာ၊ ပြီးရင် ကချင်ပြည်နယ်သွားမှာ၊ ကချင်ပြည်နယ်ပြီးမှ ရခိုင်"

ရခိုင်ပြည်နယ်ခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ လွတ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ပုပ်ခတ်ဝေဖန်တဲ့ လက်ကမ်းစာတွေ ဧရာဝတီနဲ့ တနင်္သာရီတိုင်းက နေရာတချို့မှာ လိုက်ဝေခဲ့တာကို ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားခဲ့ပေမယ့် အရေးမယူဘူး လို့ ဦးဝင်းထိန်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်အစီအစဉ်နဲ့ ရွေးကောက်ပွဲ အကြိုကာလကြုံတွေ့ရတဲ့ အခက်အခဲတွေအကြောင်းနဲ့ ပတ်သက်လို့ NLD ဗဟိုကော်မတီဝင် ဦးဝင်းထိန်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။