ရခိုင်ပြည်နယ်က ပြည်သူတိုင်းကို အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်မည်
မြန်မာနိုင်ငံ အစိုးရအနေနဲ့ ရခိုင်ပြည်နယ်က ပြည်သူတိုင်းကို အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်မှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
-
2017-09-07 -
-
-
မြန်မာနိုင်ငံ အစိုးရအနေနဲ့ ရခိုင်ပြည်နယ်က ပြည်သူတိုင်းကို အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက် မှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
နိုင်ငံသားတိုင်းကို ကာကွယ်စောင့်ရှောက်မှာဖြစ်သလို နိုင်ငံသား ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ နိုင်ငံ တွင်းမှာရှိနေသူမှန်သမျှကို ကာကွယ်စောင့်ရှောက်မှာဖြစ်ကြောင်း၊ စိတ်ဆန္ဒရှိသလောက် ကူညီစောင့်ရှောက် လိုပေမယ့် လိုအပ်တာတွေ ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက်မရှိကြောင်း၊ ဒါပေမဲ့ အတတ်နိုင်ဆုံး ကြိုးစား သွားမှာဖြစ်ပြီး လူတိုင်းလူတိုင်း ဥပဒေရဲ့ အကာအကွယ်ကို ရရှိစေရမှာဖြစ်ကြောင်း အိန္ဒိယအခြေစိုက် Asian News International ရုပ်သံသတင်းဌာနကို ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းက ဖေါ်ပြပါတယ်။
အိန္ဒိယ ဝန်ကြီးချုပ် နရင်ဒရာမိုဒီ ရန်ကုန်မှာရှိနေစဉ်အတွင်း ပြောကြားခဲ့တာပါ။
နှစ်ပေါင်းများစွာ အမြစ်စွဲပြီး ပေါ်ပေါက်လာခဲ့တဲ့ ရခိုင်ပြည်နယ် ပြဿနာကို သက်တမ်း ၁၈ လသာရှိသေးတဲ့ အစိုးရအနေနဲ့ လုံးဝချုပ်ငြိမ်းအောင်ဖြေရှင်းဖို့ဆိုတာ ကျိုးကြောင်း မဆီလျော်ကြောင်းလည်း ပြောပါတယ်။
ဒီအတွင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ က ရခိုင်ပြည်နယ်က ထွက်ပြေးလာသူတွေကို ပြန်ခေါ်ယူဖို့ မြန်မာအစိုးရကို တွန်းအားပေးမယ်လို့ ပြောလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေကို လာရောက်ကြည့်ရှုတဲ့ တူရကီသမ္မတကတော်နဲ့ တွေ့ဆုံအပြီး၊ အာဏာရ အဝါမီလိဂ်ပါတီစည်းဝေးပွဲမှာ ပြောဆိုလိုက်တာပါ။
ဘင်္ဂလားဒေ့ရှ်အတိုက်အခံ BNP ပါတီ အတွင်းရေးမှူးချုပ်ကလည်း ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ခေါ် မွတ်စလင်တွေ အဖိနှိပ်ခံနေရတဲ့ အခြေအနေအဆုံးသတ်သွားအောင် မြန်မာပြည်ကိုဖိအားပေးဖို့ ကမ္ဘာ့ ခေါင်းဆောင်တွေကို တိုက်တွန်းကြောင်း ပြောဆိုပါတယ်။ ဒါ့ပြင် အာဏာရ အဝါမီပါတီနဲ့ လက်ရှိအစိုးရဟာ ရိုဟင်ဂျာပြဿနာကို အသုံးချပြီး ကိုယ်ကျိုးရှာနေတယ်လို့လည်း ပြစ်တင်ဝေဖန်လိုက်ပါတယ်။